လှည်းတန်းပတ်ဝန်းကျင်အနီး ရေသန့်ဗူးရောင်းချသည့် အသက်(၈)နှစ်အရွယ်နှင့် အသက်(၁၂)အရွယ် မိန်းကလေးငယ်နှစ်ဦးပျောက်ဆုံးနေ

0
238

ရန်ကုန်မြို့ ၊ လှည်းတန်းပတ်ဝန်းကျင်အနီး ရေသန့်ဗူးလိုက်လံရောင်းချသည့် အသက်(၈)နှစ်နှင့် အသက်(၁၂)အရွယ် ညီအမတော်စပ်သူ မိန်းကလေးငယ်နှစ်ဦးပျောက်ဆုံးနေကြောင်း ရေချမ်းစင် ပရဟိတစာသင်ဝိုင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

အဆိုပါ ပျောက်ဆုံးနေသည့် မိန်းကလေးငယ်နှစ်ဦးမှာ ယခုလ ဒီဇင်ဘာ (၁၁)ရက် က စတင်ပျောက်ဆုံးနေခြင်းဖြစ်ပြီး၊ ယနေ့ ဒီဇင်ဘာ (၂၁)ရက်နေ့အထိ ရှာဖွေမတွေ့ရှိသေးကြောင်း ဆိုသည်။

ပျောက်ဆုံးနေသော ကလေးငယ်နှစ်ဦးမှာ ယခင်က ဒလမြို့နယ်ဘက်အခြမ်းတွင်နေထိုင်သည်ဟု သိရှိရပြီး၊ လက်ရှိတွင် တံတားအောက်များတွင် ဖခင်ဖြစ်သူနှင့်အတူရွှေ့ပြောင်းနေထိုင်၍ ရေသန့်ဗူးများရောင်းချနေခြင်းဖြစ်သည်။

” ပျောက်တဲ့ရက်က ကျွန်တော်ပိုစ့်တင်တဲ့ရက်ပေါ့။ ကလေးနှစ်ယောက်က ရေချမ်းစင်မှာ စာသင်တာ ဆယ်လဝန်းကျင်လောက်ရှိပြီပေါ့။ ကလေးနှစ်ယောက်က သူအဖေနဲ့အတူ လမ်းမှာလိုက်တောင်းတယ်။ အလှူခံတယ်။ အရင်ကတော့ဒလမှာနေတယ်။ နေရာအတိအကျတော့မရှိဘူးပေါ့။ သူများအိမ်တွေမှာကပ်နေရတယ်။ နောက်ပိုင်းတော့ ရန်ကုန်ဘက်က ဂုံးတံတားအောက်တွေမှာလိုက်အိပ်ကြရပါတယ်။ ပထမကျွန်တော်တို့က သူ့အဖေနဲ့ တစ်နေရာထွက်သွားကြတယ်ထင်တာ။ ဒါပေမယ့်သူ့အဖေက အဝတ်အစားတွေကို ထားထားတာတွေ့ရတယ်။ ပုံမှန်ဆိုသူက အဝတ်အစားတွေ ယူသွားတယ်။ဒါ့ကြောင့်ကျွန်တော်တို့က စိတ်ပူနေကြတာပါ”ဟု ရှင်းပြသည်။

လက်ရှိတွင် ရေချမ်းစင်ပရဟိတ စာသင်ဝိုင်းအနေဖြင့် လမ်းဘေးကလေးငယ်အချို့ကို စာသင်ကြားပေးနေသည့် ပရဟိတအဖွဲ့တစ်ခုလည်းဖြစ်သည်။

ထို့ကြောင့် ကလေးငယ်နှစ်ဦးအား တွေ့ရှိပါက ရေချမ်းစင် ပရဟိတ စာသင်ကြားရေး Page သို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း ဖေ့ဘွတ်စ်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားမျှဝေထားသည်။

အဆိုပါ ရေချမ်းစင် ပရဟိတစာသင်ကြားရေးအဖွဲ့အနေဖြင့် ရန်ကုန်မြို့အတွင်း ကလေးငယ် (၁၅၀)နှင့် ဒလမြို့တွင် (၆၀၀)ဝန်းကျင်ခန့် အား စာသင်ကြားပေးနခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here