ခရီးသွား စိတ်ဝင်စားမှု မြင့်တက်လာစေရေးအတွက် ဖြေလျှော့ပေးမှုများ ဆောင်ရွက်နေ

0
172

မြန်မာနိုင်ငံကို ပြည်ပခရီးသွား စိတ်ဝင်စားမှု မြင့်တက်လာစေရေးအတွက် ဖြေလျှော့ပေးမှုများကို ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ပခရီးသွားများ မြန်မာနိုင်ငံကို စိတ်ဝင်စားစေရန်အတွက် Familiarization Trip-Fam Trip များ ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးလှမြင့်က ပြောသည်။

ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းခရီးသွားလုပ်ငန်း အရှိန်အဟုန်ဖြင့် ဆက်လက်ဖွံ့ဖြိုးစေရန်နှင့် ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ဗီဇာဖြေလျှော့မှုနှင့် ကင်းလွတ်ခွင့် ဆောင်ရွက်ပေးမှုများလည်း ရှိကြောင်း ၎င်းကဆိုသည်။

“လက်ရှိမှာဆိုရင်လည်း တရုတ်နဲ့ အိန္ဒိယကို ဆိုက်ရောက်ဗီဇာ(Visa on arrival)တွေပေးတယ်။ သက်ဆိုင်ရာဌာန လဝကတို့၊ နိုင်ငံခြားရေးတို့ကလည်း ဗီဇာတွေပေးနေတယ်။ E-Visa ဆိုတာလည်း ပေးနေတယ်။ ဗီဇာကင်းလွတ်ခွင့်(Visa Exemption) ရုရှားကို ပေးတာရှိတယ်။ ဆက်ပြီးတော့ ဖြေလျှော့မှုတွေကို သုံးသပ်နေတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်အဖြစ် အောက်တိုဘာလအတွင်းကလည်း ရုရှားခရီးသွားများကို ဖိတ်ခေါ်ခဲ့ကာ နိုဝင်ဘာလအတွင်းက ထိုင်းခရီးသွားများကို ဖိတ်ခေါ်မှုများ ဆောင်ရွက်ခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံအပေါ် တရုတ်ခရီးသွားများအနေဖြင့် ပိုမိုစိတ်ဝင်စားမှု မြင့်တက်လာစေရန်ရည်ရွယ်၍ တရုတ်နိုင်ငံမှ ခရီးသွားများ စိတ်ဝင်စားစေရန် ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်ကို ၂၀၂၄ ဇန်နဝါရီလအတွင်း လုပ်ဆောင်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်တွင် တရုတ်နိုင်ငံရှိ မီဒီယာများ၊ ထင်ရှားကျော်ကြားသူများ၊ ဘလော့ဂါများ၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ လူဦးရေ ၄၀ ခန့်ပါဝင်မည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ပုဂံ အစရှိသည့် ခရီးစဉ်များသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွင်း ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု တစ်သန်းကျော်ရှိခဲ့ပြီး ထိုင်းနိုင်ငံနှင့် တရုတ် နိုင်ငံမှ နိုင်ငံခြားသားခရီးသွား အများဆုံးဝင်ရောက်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here