ထိုင်း – မြန်မာနယ်စပ်၌ ဆိုင်ကယ်များခိုးယူကာ တာချီလိတ်မြို့တွင် ပြန်လည်ရောင်းချနေသည့် မြန်မာလူငယ် (၃) ဦးကို ဖမ်းဆီးရမိဟုဆို

0
178

ထိုင်း – မြန်မာနယ်စပ် ချင်းရိုင်းခရိုင်အတွင်းရှိ မယ်ဆိုင်နှင့် မယ့်ကျန်မြို့တို့တွင် ဆိုင်ကယ်များ လိုက်လံခိုးယူကာ မြန်မာနိုင်ငံ တာချီလိတ်မြို့တွင် ပြန်လည်ရောင်းချနေသည့် အသက် (၁၈) နှစ်အရွယ် မြန်မာလူငယ် (၃) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မယ်ဆိုင်နှင့် မယ့်ကျန်မြို့ရှိ ဒေသခံများ၏ ဆိုင်ကယ်များ မကြာခဏ ပျောက်ဆုံးနေသည်ဟုဆိုကာ ရဲစခန်းတွင် ဒေသခံ အများအပြားလာရောက် တိုင်ကြားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

ထိုသို့ တိုင်ကြားမှု လက်ခံရရှိပြီးနောက် ထိုင်းရဲတပ်ဖွဲ့မှ CCTV ကင်မရာ မှတ်တမ်းဖြင့် ခြေရာခံ လိုက်လံစစ်ဆေး ဖမ်းဆီးခဲ့ရာ အသက် (၁၈) နှစ်အရွယ် မြန်မာလူငယ် (၃) ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသည့် မြန်မာ လူငယ် (၃)ဦးကို စစ်ဆေးချက်အရ မြန်မာနိုင်ငံ တာချီလိတ်မြို့မှ လာရောက်ကြောင်းနှင့် ခိုးယူရရှိသော ဆိုင်ကယ်များကို (၁) စီးလျှင် ဘတ်ငွေ (၂၅၀၀၀) ဝန်းကျင်ဖြင့် တာချီလိတ်ဘက်ခြမ်းတွင် ပြန်လည်ရောင်းချခြင်းဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။ 

ဆက်လက် စစ်ဆေးချက်အရ ဖမ်းဆီးရမိသူ (၃) ဦး အပြင် အခြား (၈) ဦးဝန်းကျင် ကျန်ရှိနေကြောင်း သိရသည်ဟု ထိုင်း ရဲတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here