မြန်မာ့တိုင်းရင်းဆေးပညာကို လက်ဆင့်ကမ်း အမွေပေးနိုင်ရေး လုပ်ဆောင်ရန် နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြား

0
167

မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဝါးများ ကမ္ဘာ့အဆင့်မီအောင်နှင့် ဝါရင့်တိုင်းရင်းဆေးသမားတော်ကြီးများ လက်ရှိ သုံးစွဲနေသည့် ကုထုံးများ၊ ဆေးဝါးများကို မျိုးဆက်သစ်များထံသို့ လက်ဆင့်ကမ်း အမွေပေးနိုင်ရေး လုပ်ဆောင်ကြရန် နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားလိုက်သည်။

ဒီဇင်ဘာ (၂၁)ရက်က နေပြည်တော်တွင် ကျင်းပသည့်(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့တိုင်းရင်းဆေးပညာကို အမျိုးသားရေး အမွေအနှစ်ဆေးပညာအဖြစ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ တိုင်းရင်းဆေးနှင့် ပြည်သူလူထုကျန်းမာရေးကို ပိုမိုစောင့်ရှောက်မှုပေးနိုင်ရေး၊ အရည်အချင်းပြည့်ဝသည့် တိုင်းရင်းဆေး လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေး၊ တိုင်းရင်းဆေးသုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး၊ အန္တရာယ်ကင်းပြီး အကျိုးအာနိသင် ထက်မြက်သည့် ဆေးဝါးများထုတ်လုပ်ရေးများကို ဆောင်ရွက်ရမည်ဟုလည်း နစက ဒုတိယ ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အပြင် မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဝါးများ ကမ္ဘာ့အဆင့်မီအောင် ဆောင်ရွက်နိုင်ရေး၊ ဝါရင့်တိုင်းရင်းဆေးသမားတော်ကြီးများ လက်ရှိသုံးစွဲနေသည့် ကုထုံးများ၊ ဆေးဝါးများကို မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်း အမွေပေးနိုင်ရေးစသည်ဖြင့် လုပ်ဆောင်ဖွယ်ရာ အများအပြားရှိနေပါကြောင်းလည်း ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းများပြီးမြောက်အောင်မြင်အောင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်း၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူ လုပ်ငန်းရှင်များနှင့် တိုင်းရင်းဆေးသမားတော်အပေါင်းတို့သည် တိုင်းရင်းဆေးရပ်ဝန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဦးတည်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ထိုသို့ကြိုးစား အားထုတ်ကြရာတွင် စည်းကမ်းတကျဖြစ်စေရန် တိုင်းရင်းဆေးကောင်စီဥပဒေနှင့် တိုင်းရင်းဆေးဝါး ဥပဒေတို့သည် အဓိကမဏ္ဍိုင်ကြီးများဖြစ်ပြီး ယခုအချိန်တွင် မြန်မာ့တိုင်းရင်းဆေးပညာရှင်များကို ဒီပလိုမာအဆင့်၊ ဘွဲ့ရအဆင့်မှ တိုင်းရင်းဆေးပညာ မဟာဘွဲ့အဆင့်အထိလေ့ကျင့်မွေးထုတ်ပေးနေပြီဖြစ်ကြောင်း နစကဒုတိယ ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော် အစိုးရအနေဖြင့်လည်း ၂၀၀၁ ခုနှစ်ကတည်းကမန္တလေးမြို့၌ တိုင်းရင်းဆေးတက္ကသိုလ်ကို ဖွင့်လှစ်ကာ မျိုးဆက်သစ် တိုင်းရင်းဆေးပညာဘွဲ့ရများ မွေးထုတ်နိုင်ခဲ့ပြီး မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို နှစ်စဉ်ကျင်းပပေးလျက်ရှိရာ လက်ရှိတွင် (၂၂) ကြိမ်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here