မော်လမြိုင်ကျွန်းမှ ရန်ကုန်ဈေးကွက်သို့ ဆန်အကြမ်း (၂၄) ပြည်ဝင် အိတ်ရေ ၈၈၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့

0
248

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း (၂၄) ပြည်ဝင် ဆန်ကြမ်းအိတ် ၈၈ဝဝဝ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်စပါး ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ဒေသထွက်စပါးများကို ဝယ်ယူကြိတ်ခွဲပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကာ အောက်တိုဘာလအတွင်းက အိတ်ရေ ၇ဝဝဝဝ အထိသာ တင်ပို့ရောင်းချနိုင်ခဲ့ကာ တစ်လအတွင်း အိတ် ၁၈၀၀၀ ကျော် တိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

“လက်ရှိ ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ လက်ရှိ မော်လမြိုင်ကျွန်းမြို့နယ်ဘက်မှာ မိုးစပါးအသစ်တွေ စတင်ပေါ်နေပါပြီ။ ဒါကြောင့် စပါးအသစ်တွေပါ ဝယ်ယူကြိတ်ခွဲပြီး ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ ဆန်ဈေးက နည်းနည်းငြိမ်နေပါတယ်”ဟု ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းက ပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ဆန်အကြမ်းအမျိုးအစားများမှာ မနောသုခ၊ ထိုင်းဘေးကြား၊ ရက် ၉ဝ၊ သီးထပ်ရင်၊ နှံကား၊ ဧရာ မင်း၊ ဆင်းသုခ စသည့် ဆန်အကြမ်းများကို အများဆုံးတင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“ဆန်တွေအရောင်းအဝယ် ကောင်းလာတဲ့အတွက် ဒေသခံတောင်သူတွေ၊ ကုန်သည်တွေ၊ ကုန်တင်ကုန်ချလုပ်သားတွေ၊ ကုန်တင်ယာဉ်အငှားလိုက်သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိနေပါတယ်” ဟု ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here