ဆေး နှင့် EV အပါအဝင် ကုန်စည် (၁၄) မျိုးအတွက် သွင်းကုန်လိုင်စင်မလိုဘဲ ကုန်လှောင်ရုံတွင် သိုလှောင်ခွင့်ပြု

0
246

နိုင်ငံတကာဈေး လျော့ကျသည့် အချိန်တွင် ဝယ်ယူစုဆောင်း သိုလှောင်မည့် ကုန်စည်အမယ် (၁၄) မျိုးအတွက် သွင်းကုန်လိုင်စင် ကြိုတင်ရယူရန် မလိုဘဲ အကောက်ခွန်လုပ်ထုံး လုပ်နည်းများအတိုင်း အကောက်ခွန်ကုန်လှောင်ရုံသို့ ထည့်သွင်းသိုလှောင်နိုင်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထားသည်။

အကောက်ခွန် ကုန်လှောင်ရုံသို့ ထည့်သွင်းမည့် ကုန်ပစ္စည်းများအပါအဝင် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှု အားလုံးအတွက် ဆိပ်ကမ်းသို့မရောက်မီ သွင်းကုန်လိုင်စင်ရရှိပြီးမှ တင်သွင်းခွင့်ပြုထားခြင်းမှ အထက်ပါ ကုန်ပစ္စည်းအတွက် ဖြေလျှော့ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သိုလှောင်ခွင့်ပြုခဲ့သည့် ကုန်ပစ္စည်းများအတွင်း ဆေးနှင့် ဆေးအထောက်အကူပြု ပစ္စည်းများ၊ စိုက်ပျိုးရေးသွင်းအားစုများ (မျိုးစေ့၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး)၊ တိရစ္ဆာန်သုံးဆေးဝါးများ၊ စက်ဆီ၊ ချောဆီနှင့် အခြားစက်မှုသုံးဆီများ၊ ထုပ်ပိုးပစ္စည်းများ၊ လျှပ်စစ်သုံးယာဉ်အမျိုးမျိုး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၁/၂၀၂၃ ၏ အပိုဒ် ၁ (ဌ)ပါ ပစ္စည်းများ (ဘက်ထရီလျှပ်စစ်သုံးယာဉ်များ၏ ဆက်စပ်ပစ္စည်းများ နှင့် အပိုပစ္စည်းများ) များ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် မွေးမြူရေးလုပ်ငန်းသုံးကုန်ကြမ်းများ၊ ဆေးဝါးကုန်ကြမ်းပစ္စည်းများနှင့် ပရဆေးကုန်ကြမ်းများ၊ စက်မှုကုန်ကြမ်းများ (ပလပ်စတစ်ကော်စေ့၊ ပလပ်စတစ်ကုန်ကြ မ်းများ အပါအဝင်)၊ စက်မှုကုန်ကြမ်းဓာတုပစ္စည်းများ၊ စားသောက်ကုန်ကြမ်းပစ္စည်းများ (စားသောက်ကုန်ထုတ် လုပ်ငန်းများအတွက် ပြည်တွင်းထုတ်လုပ်သည့်ကုန်ကြမ်းနှင့် မလုံလောက်သဖြင့် ပြည်ပမှတင်သွင်းမှု ကို အခြေခံသော စားသောက်ကုန်ကြမ်းပစ္စည်းများ)၊ CMP စနစ်၏ အစိတ်အပိုင်းဖြစ်သော ကုန်ကြမ်းပစ္စည်း၊ ထုပ်ပိုးပစ္စည်းများ ထုတ်လုပ် မှုအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများနှင့် ပြည်တွင်းစက်မှုကုန်ထုတ် လုပ်ငန်းများအတွက် လိုအပ်သည့် စက်ပစ္စည်းများလည်း သိုလှောင်ခွင့်ရှိကြောင်း သိရသည်။

ကုန်သွယ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အတွင်း အကောက်ခွန်ကုန်လှောင်ရုံသို့ ထည့်သွင်းသိုလှောင်နိုင်မည့် ကုန်စည်အမျိုးအစား အုပ်စုများကို လိုအပ်သလို ပြင်ဆင်၊ ဖြည့်စွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here