ထိုင်း ယူကျူဘာတစ်ဦးရဲ့ နေအိမ်ကို ရဲဝင်စီးရာမှာ လက်နက်မျိုးစုံ ၈၇ လက်နဲ့ ကျည်ဆံ ၄၀၀၀ ကျော် တွေ့ရှိ

0
299

ထိုင်းနိုင်ငံ မြောင်ခရိုင်ရှိ ယူကျူဘာတစ်ဦးရဲ့ နေအိမ်ကို သောကြာနေ့(ဒီဇင်ဘာ ၂၂) က ရဲတပ်ဖွဲ့မှ စီးနင်းရှာဖွေခဲ့ရာမှာ လက်နက်ခဲယမ်း မြောက်များစွာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ထိုင်း ဆိုက်ဘာအထူးရဲတပ်ဖွဲ့နဲ့ ဒေသတွင်းရဲတပ်ဖွဲ့တို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဘန်ကရန်မြို့က အိမ်ရာတစ်ခုရှိ နေအိမ်တစ်လုံးကို စီးနင်းရှာဖွေခဲ့ကြတာဖြစ်ပါတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ နီးကပ်လာချိန်မှာ အများပြည်သူ လုံခြုံရေးကို မြှင့်တင်ဖို့ အခုလို စီးနင်းရှာဖွေမှုလုပ်ခဲ့တာလို့ ဆိုပါတယ်။

Tacticool BOB အမည်ဖြင့် ‌ေ-သနတ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ယူကျူ့ချန်နယ်မှာ တင်ဆက်နေသူဖြစ်တဲ့ အိမ်ပိုင်ရှင် ထရင်ဆက် ဝါချီရာဆရီဆရီကူလ်ကို တရားရုံး ရှာဖွေဝရမ်းပြကာ တပ်ဖွဲ့ဝင်တွေက ရှာဖွေခဲ့ကြပါတယ်။

ယင်းမှာ ‌ေ-သနတ်မျိုးစုံ ၈၇ လက်၊ ခဲယမ်းကျည် ၄၅၇၆ တောင့်၊ ကျည်ကပ် ခုနစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ ရဲမှူး နီခွန်း ခမ်နော့ပါရတ်က ပြောဆိုခဲ့ပါတယ်။

သူဟာ ယင်း‌ေ-သနတ်တွေကို ဖခင်ဖြစ်သူထံက ဆက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်းနဲ့ ‌ေ-သနတ်တွေအားလုံးဟာ ဖခင်ဖြစ်သူအမည်နဲ့ တရားဝင် မှတ်ပုံတင်ထားတာတွေဖြစ်ကြောင်း မစ္စတာ ထရင်ဆက်က ရဲကို ပြောခဲ့ပါတယ်။

လက်ရှိမှာ မူလပိုင်ရှင်ဖြစ်သူဟာ မစ္စတာ ထရင်ဆက်ထံ ‌ေ-သနတ်တွေကို တရားဝင်လွှဲပြောင်းပေးခဲ့တာလားဆိုတာကို ရဲက စုံစမ်းစစ်ဆေးမှုလုပ်နေပါတယ်။ တကယ်လို့ ပိုင်ရှင်လွှဲပြောင်းမှုမှတ်တမ်းမှတ်ရာ မရှိခဲ့ဘူးဆိုရင် ထရင်ဆက်အနေဖြင့် ခွင့်ပြုချက်မရှိဘဲ လက်နက်ခဲယမ်းလက်ဝယ်ထားရှိမှုနဲ့ အမှုဖွင့်တရားစွဲဆိုခံရမှာဖြစ်တယ်လို့ ရဲမှူး နီခွန်းက ပြောဆိုပါတယ်။

လက်နက်တွေ သိမ်းဆည်းခံရအပြီးမှာ မစ္စတာ ထရင်ဆက် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်နေကြောင်း သိရပါတယ်။

Source:ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here