ကာကွယ်ရေးစွမ်းအားတည်ဆောက်ရာတွင်အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကို ပြန်လည်အားဖြည့်နေရာ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၀) အထိရှိလာ

0
180

တပ်မတော်၏ အဓိက တာဝန်သည် နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေးနှင့် နိုင်ငံသူ၊ နိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ် ဥစ္စာကို ကာကွယ်စောင့်ရှောက်ရန်ပင်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်‌လှိုင်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပသည့် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၀) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်သားအားလုံး၏ ကျန်းမာကြံ့ခိုင်မှု၊ စစ်နည်းဗျူဟာကျွမ်းကျင်မှုနှင့်ပညာရည်မြင့်မားစေရေး စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ စစ်နည်းဗျူဟာအတတ်ပညာနှင့် စစ်လက်နက်ပစ္စည်းများသည် နေ့စဉ်နှင့်အမျှ တီထွင်ပြောင်းလဲတိုးတက်နေသည့်အလျောက် လေ့ကျင့်ရေးပိုင်းကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန် အရည်အသွေးမြှင့်တင်သွားကြရမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် အမျိုးသားနိုင်ငံရေး တာဝန်ထမ်းဆောင်ရန် တာဝန်ရှိသည့်အတွက် မည်သည့်အစိုးရ၊ မည်သည့် နိုင်ငံရေးစနစ်နှင့် သွားသည်ဖြစ်စေ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးတို့ကို အလေးအနက်ထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

“နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင်အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် အမျိုးသမီးစစ်မှုထမ်းအရာရှိများအား လေ့ကျင့်သင်ကြားမွေးထုတ်ပေးရန်” ဟူသည့် ရည်ရွယ်ချက်ဖြင့် ဘွဲ့ရအမျိုး သမီးဗိုလ်လောင်းသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မိမိတို့ နိုင်ငံတွင် အမျိုးသမီး ဦးရေသည် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ရေးစွမ်းအား တည်ဆောက်ရေးတို့တွင်မျိုးချစ်စိတ်ဖြင့် ပါဝင်ကြရန် လိုအပ်မည်ဟုလည်း ပြောကြားခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းအားတည်ဆောက်ရာတွင် မြန်မာအမျိုးသမီးထု ပါဝင်နိုင်ရေး၊ အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ရေးနှင့် တပ်မတော်တွင်အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းဆောင်နိုင်ရေးတို့အတွက် လေ့ကျင့်မွေးထုတ်ပေးနေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ယနေ့မျက်မှောက်‌ခေတ်တွင် လူမှုရေး၊ စီးပွားရေး နယ်ပယ်များနှင့် အသိပညာ၊ အတတ်ပညာ၊ အနုပညာဆိုင်ရာနယ်ပယ်များတွင် ထူးချွန်ထက်မြက်ပြီး ဂုဏ်ယူဖွယ်၊ စံပြအားထားဖွယ် မြန်မာအမျိုးသမီးများစွာရှိပြီး သင်တန်းကျောင်းမှ သင်ကြားပေးလိုက်သည့် စစ်ပညာ၊ ခေါင်းဆောင်မှု ပညာရပ်များနှင့် လက်တွေ့ လေ့ကျင့်ဆောင်ရွက်မှုများကို အခြေ ခံကာ ပေးအပ်လာမည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန် မှာကြားလိုကြောင်းလည်း သင်တန်းဆင်း ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မှာကြားခဲ့သည်။

အဖွဲ့အစည်းတစ်ခုသည် စည်းကမ်းလိုက်နာမှုနှင့် အကျင့်စာရိတ္တ အားနည်းလာပါက ပျက်စီးမှုအမျိုးမျိုးဖြင့် ကြုံတွေ့ရမည်ဖြစ်သည့်အတွက် တပ်မတော်သားများ အနေဖြင့်ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းပြီး တပ်မတော်သားကောင်း ပီသစွာဖြင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာရှိရှိတာဝန် ထမ်းဆောင်သွားကြရန်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မှာကြားခဲ့သည်။

သင်တန်း၌ ထူးချွန်ဆုရရှိကြသူများဖြစ်သည့်အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း ယုယုနိုင်၊ သေနတ်ပစ်အကောင်းဆုံးဆုရဗိုလ်လောင်း ကြည်ဗဟိုစိမ့်၊ စစ်ရေးပြအကောင်းဆုံးဆုရ ဗိုလ်လောင်း ရွှေရည်ဝင်း နှင့်ကြံ့ခိုင်ရေး အကောင်းဆုံးဆုရ ဗိုလ်လောင်း ရွှေဝတ်မှုန်ဦး တို့အား ဗိုလ်သင်တန်းကျောင်းဌာနချုပ်ဧည့်ခန်းမတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတွေ့ဆုံ၍ ဂုဏ်ပြု
စကားပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here