မိုင်းလား အထူးဒေသ(၄)သို့ ခိုလှုံလာသည့် ကိုးကန့်စစ်ရှောင်ပြည်သူ (၁,၅၀၀) အတွက် စားနပ်ရိက္ခာများထောက်ပံ့ကူညီ

0
211

ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ မိုင်းလားအထူးဒေသ(၄)အတွင်းရှိ ဆီလူးခရိုင်သို့ ဝင်ရောက်ခိုလှုံနေကြသော ကိုးကန့်စစ်ရှောင်ပြည်သူ(၁,၅၀၀)အတွက် စားနပ်ရိက္ခာများကို ဒေသအစိုးရကဒီဇင်ဘာ (၂၁)ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ထောက်ပံ့ကူညီရာတွင် စစ်ရှောင်ပြည်သူများ အဓိကလိုအပ်နေသည့် ဆန်၊ ဆီ၊ ဆားများကို ပေးဝေခဲ့ခြင်းဖြစ်သည်ဟု မိုင်းလား အထူးဒေသ (၄)သတင်းနှင့်ပြန်ကြားရေးက အသိပေးထုတ်ပြန်သည်။

အသိပေးချက်တွင် စာနပ်ရိက္ခာများ ဝယ်ယူရန် ဒေသအစိုးရက ငွေကြေးစိုက်ထုတ်ပေးခဲ့ပြီး၊ စစ်ရှောင်များအနေဖြင့်လည်း စိတ်ဓာတ်ကြံ့ခိုင်ထားရမည်ဖြစ်ကြောင်း၊ ဒေသအစိုးရသည် စစ်ရှောင်ပြည်သူများနှင့် ခက်ခဲသည့် အချိန်များကို အတူတကွ ကျော်ဖြတ်သွားမည်ဖြစ်ကြောင်း ကိုးကန့်တိုင်းရင်းသားဆက်ဆံရေး အစည်းအရုံးက ပြောကြားခဲ့သည်ဟု ဖော်ပြပါရှိသည်။

ထို့အပြင် ဒီဇင်ဘာလ(၁၄)ရက်မှ(၁၇) ရက်နေ့အထိ ဒေသအစိုးရ လက်အောက်ခံ ဆီလူးခရိုင်အုပ်ချုပ်ရေးရုံး၊ ဆီလူးရဲတပ်ဖွဲ့အပါအဝင် ဒေသတွင်းအဖွဲ့အစည်းများက ကနဦးအနေဖြင့် စားနပ်ရိက္ခာများ ကူညီပေးခဲ့သည်ဟု ဆိုသည်။

ဆီလူးခရိုင် ကျန်းမာရေးဝန်ထမ်းများကလည်း အသက်(၅)နှစ်အောက် ကလေးငယ်များအား လိုအပ်သည့် ကိုယ်ခံစွမ်းအားကို ထိရောက်စွာ ကြိုတင်ကာကွယ်ခုခံနိုင်ရန်အတွက် တီဘီရောဂါ ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ် ကာကွယ်ဆေး၊ အသည်းရောင် အသားဝါ ဘီပိုးကာကွယ်ဆေးတို့ကိုလည်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here