တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားသည့် “အမျိုးသားနိုင်ငံရေး”

0
196

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ သမိုင်းကြောင်း လိုအပ်ချက်များအရ ယနေ့အချိန်အထိ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တစိုက်မတ်မတ်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယမန်နေ့ ဒီဇင်ဘာ (၂၂) ရက်က တပ်မတော်(ကြည်း) ဗိုလ် သင်တန်းကျောင်း (မှော်ဘီ)တွင် ကျင်းပသည့် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၀) သင်တန်းဆင်းပွဲတွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အမျိုးသားနိုင်ငံရေး”ဟူသည်မှာ တစ်မျိုးသားလုံးနှင့်ဆိုင်သည့် အေးချမ်းသာယာခြင်း၊ စည်ပင်ဝပြောခြင်း၊ တရားမျှတလွတ်လပ်ခြင်းနှင့် ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်းစသည့် လောကီကောင်းကျိုး၊ သုခအဖြာဖြာကို ဖော်ဆောင်ပေးသည့် လုပ်ငန်းများဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ကြောင့် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကို အရင်းခံပြီး မွန်မြတ်သည့်စိတ်များနှင့် တပ်မတော်၏ ကောင်းမြတ်သည့် အလေ့အကျင့်၊ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်နှင့် သမိုင်းကြောင်းနှင့် ယှဉ်တွဲလျက်ရှိသည့် တပ်မတော်၏ မွန်မြတ်သည့်အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်လည်း သင်တန်းဆင်း အမျိုးသမီး ဗိုလ်လောင်းများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကမှာကြားခဲ့သည်။

အရာရှိငယ်ဘဝတွင် အမိန့်ကို တိကျစွာလိုက်နာတတ်ခြင်း၊ နောက်လိုက်ကောင်းတစ်ယောက်
ဖြစ်ခြင်းတို့သည် နောင်တစ်ချိန်တွင် ခေါင်းဆောင်ကောင်း တစ်ယောက်၏အစပင်ဖြစ်ကြောင်း၊ ခေါင်းဆောင်လုပ်သူသည် ထိုးထွင်းကြံဆလုပ်ဆောင်တတ်မှုနှင့် တီထွင်လုပ်ကိုင်ဆောင်ရွက်တတ်မှုရှိခြင်း၊ ကွပ်ကဲမှုနှင့် ကြီးကြပ်မှုကောင်းခြင်း၊ ဗဟုသုတ ကြွယ်ဝပြီး လေ့လာလိုစိတ်ရှိခြင်း၊ အကျင့်စာရိတ္တကောင်းခြင်း၊ စိတ်ဓာတ်ကောင်းခြင်း၊ သစ္စာရှိခြင်း၊ စွမ်းရည်သုံးရပ် ပြည့်စုံခြင်း၊ စည်းကမ်းအရာတွင် စံနမူနာပြဖြစ်ခြင်းစသည့် ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်အညီ လုပ်ဆောင်ကြရန်လမ်းညွှန်ခဲ့သည်။

ပြန်တမ်းဝင်အရာရှိငယ်များအဖြစ်တာဝန်များကိုထမ်းဆောင်ကြသည့်အခါ တပ်မတော်သည် ပြည်သူကပေါက်ဖွားလာသည့် ပြည်သူ့တပ်မတော်ဖြစ်သောကြောင့် မည်သည့်အခက်အခဲ၊ အတားအဆီးမျိုးကိုမဆို ပြည်သူနှင့်လက်တွဲပြီးတွန်းလှန်ကျော်ဖြတ်ကြရမည်ဖြစ်သကဲ့သို့ ပြည်သူကအားကိုးရသည့် တပ်မတော်ဖြစ်အောင်လည်း အမြဲကြိုးပမ်းဆောင်ရွက်နေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မိမိတို့၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ မထိခိုက်အောင် နေထိုင်လုပ်ကိုင်ပြီး အမျိုးသမီးစစ်မှုထမ်းကောင်းများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ၎င်းက တိုက်တွန်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here