တိုက်ခိုက်ရေးစွမ်းရည် အရှိန်မြှင့်ရန် စံချိန်တင် စစ်အသုံးစရိတ်ကို ဂျပန်အစိုးရ အတည်ပြု

0
174

သောကြာနေ့မှာ အတည်ပြုလိုက်တဲ့ စံချိန်တင် စစ်အသုံးစရိတ်အရ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ပြီးခဲ့တဲ့နှစ်ကထက် ၁၆ ရာခိုင်နှုန်းကျော် တိုးမြှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။ စစ်အသုံးစရိတ်တိုးမြှင့်မှုဟာ တရုတ် သို့မဟုတ် မြောက်ကိုရီးယား ပစ်မှတ်တွေအထိ ရောက်ရှိနိုင်တဲ့ တာဝေးပစ် ခရုဇ်ဒုံးကျည်တွေ တပ်ဖြန့်မှုကို အရှိန်မြှင့်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အစိုးရအဖွဲ့က အတည်ပြုလိုက်တဲ့ ဘတ်ဂျက်အရ ဂျပန်တပ်ဖွဲ့တွေ မဟာမိတ်များနဲ့လက်တွဲဆောင်ရွက်မှု တိုးမြှင့်လာခြင်း၊ ထိုးစစ်ပိုင်းဆိုင်ရာကဏ္ဍတွေ ပိုမိုလုပ်ဆောင်လာခြင်းတွေမှာ F-35 ကိုယ်ပျောက်တိုက်လေယာဉ်တွေ၊ အခြား အမေရိကန်လက်နက်တွေနဲ့အတူ ဂျပန်စစ်တပ်ကို ပိုမိုအားကောင်းစေမှာဖြစ်ပါတယ်။

လာမယ့်နှစ် မတ်လမှာ စတင်မယ့် ၂၀၂၄ ခုနှစ်အတွက် ကာကွယ်ရေး ဘတ်ဂျက် ယန်း ၇.၉၅ ထရီလီယံ(ကန်ဒေါ်လာ ၅၆ ဘီလီယံ) ဟာ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ အစိုးရအဖွဲ့ လွန်ခဲ့တဲ့တစ်နှစ်ခန့်က ချမှတ်လိုက်တဲ့ လုံခြုံရေး မဟာဗျူဟာသစ်အရ စစ်ရေးတည်ဆောက်မှု ၅ နှစ်အစီအစဉ်ရဲ့ ဒုတိယမြောက် ဘတ်ဂျက်နှစ်လည်းဖြစ်ပါတယ်။

တိုက်ခိုက်မှုစွမ်းရည် အားကောင်စေရေး ဗျူဟာမြောက် မျှော်မှန်းချက်ဟာ နိုင်ငံရဲ့ စစ်အင်အားကို မိမိကိုယ်ကို ကာကွယ်ရန်အတွက်သာ အသုံးပြုရမယ်ဆိုတဲ့ ဂျပန်ရဲ့ စစ်ပြီးခေတ် စည်းမျဉ်းစည်းကမ်းတွေကနေ အဓိကခွဲထွက်မှုတစ်ခုဖြစ်ပါတယ်။ ယခု ကာကွယ်ရေးအသုံးစရိတ်ဟာ ယမ်း ၁၁၂.၇ ထရီလီယံ(ကန်ဒေါ်လာ ၇၉၄ ဘီလီယံ) ရှိ အမျိုးသား ဘတ်ဂျက်စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဒါကို လွှတ်တော်က အတည်ပြုဖို့လိုအပ်သေးကြောင်း သိရပါတယ်။

 ဂျပန်ဟာ ၎င်းတို့ရဲ့ စစ်အင်အား မြှင့်တင်ဖို့အတွက် ၂၀၂၇ ခုနှစ်ကာလအထိ ကန်ဒေါ်လာ ၃၀၀ ဘီလီယံ သုံးစွဲသွားဖို့ စီစဉ်ထားပြီး နှစ်စဉ် အသုံးစရိတ်ကို ယန်း ၁၀ ထရီလီယံ(ကန်ဒေါ်လာ ၆၈ ဘီလီယံ) ဝန်းကျင်အထိ နှစ်ဆနီးပါး သုံးစွဲသွားမှာဖြစ်ကာ အမေရိကန်နဲ့ တရုတ်တို့ပြီးလျှင် ဂျပန်နိုင်ငံက ကမ္ဘာ့တတိယအကြီးဆုံး စစ်ရေးအသုံးစရိတ် သုံးစွဲတဲ့ နိုင်ငံ ဖြစ်လာမှာဖြစ်ပါတယ်။

Ref:AP


LEAVE A REPLY

Please enter your comment!
Please enter your name here