အင်းဝခေတ် မြေဆေးတံများအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံသို့လာရောက်လှူဒါန်း

0
186

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်နေ ဦးအောင်ကျော်ဆင့် + ဒေါ်သန်းသန်းနွယ်တို့သည် ၎င်းတို့ စုဆောင်းသိမ်းဆည်းထားသည့် အင်းဝခေတ် မြေဆေးတံ (၃၀)ခုကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ ဒီဇင်ဘာ (၂၁) ရက်က ၎င်းတို့၏ဆန္ဒအရ တာဝန်သိစိတ်ဖြင့် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်းဝတ္ထုပစ္စည်းများသည် အင်းဝမြို့ဟောင်းဒေသမှ စုဆောင်းသိမ်းဆည်းထားသော အင်းဝခေတ်မြေ ဆေးတံများဖြစ်ပြီး စုစုပေါင်း မြေဆေးတံ (၃၀) ခုဖြစ်ကာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရှေးဟောင်းဝတ္ထုပစ္စည်း ဟုဆိုရာတွင် မိမိတို့၏ ဘိုးဘွားဘီဘင်တို့ ပြုလုပ်သုံးစွဲခဲ့ကြသည့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာပစ္စည်းများ၊ အသုံးအဆောင်များ၊ လက်ဝတ်တန်ဆာများ၊ လက်မှုပညာပစ္စည်းများ၊ တူရိယာပစ္စည်းများပါဝင်ပြီး ၎င်းပစ္စည်းများကို သားစဉ် မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်းခြင်း၊ နိုင်ငံတော်သို့ အမွေအနှစ်တစ်ရပ်အဖြစ် လှူဒါန်း၊ အပ်နှံခြင်းများသည် နိုင်ငံတော်၏ ယဉ်ကျေးမှုအမွေအနှစ်များကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် ကာကွယ်စောင့်ရှောက်ခြင်းပင် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသည် မြန်မာနိုင်ငံအတွင်းရှိ ယဉ်ကျေးမှု အမွေအနှစ်များအား ရှာဖွေ၊ ဖော်ထုတ်၊ ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် ရှေးဟောင်းဝတ္ထုပစ္စည်းများကို စုဆောင်းခြင်းဖြင့်လည်း ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကာ ဌာနသို့ တာဝန်သိစိတ်ဖြင့် လာရောက် လှူဒါန်း ၊ အပ်နှံသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို စုဆောင်းနည်းတစ်ရပ်အနေဖြင့် လက်ခံဆောင်ရွက်လျက်ရှိပြီး လှူဒါန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ အပ်နှံသူများအား ဆုကြေးငွေပြန်လည်ချီးမြှင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် ရွှေထည်နှင့် အခြားရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်ပိုင်ပစ္စည်းအဖြစ် တာဝန်သိစိတ်ရှိစွာအပ်နှံပါက လွှဲပြောင်းပေးအပ်သူကို အကျိုးခံစားခွင့်ရှိသူအဖြစ် သတ်မှတ်၍ အပ်နှံပစ္စည်း၏ ကာလတန်ဖိုးအပြင် ထပ်ဆောင်းတန်ဖိုးငွေပါ တွက်ချက်ပြီး ချီးမြှင့်ငွေပေးအပ်လျက်ရှိကြောင်း သိရသည်။

ထပ်ဆောင်းတန်ဖိုးအဖြစ် သတ်မှတ်ရာတွင် ရှေးဟောင်း ဝတ္ထုပစ္စည်း၏ နောက်ခံသမိုင်းကြောင်း အခြေအနေ၊ ပြုလုပ်သည့်ပစ္စည်းအမျိုးအစား၊ အနုလက်ရာမြောက်မှု အဆင့်အတန်း၊ သက်တမ်းနှင့် ကာလတန်ဖိုးတို့အပေါ်တွင် မူတည်၍ စစ်ဆေးရေးအဖွဲ့က သတ်မှတ်ပေးအပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် ကျောက်ခေတ်မှစ၍ ကိုလိုနီခေတ် ကာလအထိခေတ်ခွဲခြား၍ ခေတ်ကာလ ကြေးကို ၅၀ ရာခိုင် နှုန်း မှ ၁၀၀ ရာခိုင်နှုန်းထိလည်းကောင်း၊ လက်ရာကြေးကို ၃၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိလည်းကောင်း ကာလတန်ဖိုးအပေါ် ထပ်ဆောင်းချီးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here