လူမှုဖူလုံရေး အာမခံ လုပ်သားများ၏ အကျိုးခံစားခွင့်မှာ မန်းတိုင်းအတွက် ကျပ်သန်း ၃၀၀၀ ကျော်ရှိ

0
174

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လူမှုဖူလုံရေး အာမခံအလုပ်သမားများ၏ အကျိုးခံစားခွင့်များအတွက် ငွေကျပ်သန်း ၃ဝဝဝ ကျော်ကို ထုတ်ပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ သိရသည်။

လူမှုဖူလုံရေး အာမခံများအတွက် အကျိုးခံစားခွင့်ရှိသည့် ဧပြီလမှ ယနေ့ထိ အလုပ်သမားအမှုတွဲပေါင်း ၂၇၉၂၃ မှုရှိပြီး အများစုမှာ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်၊ အမျိုးသမီး မီးဖွားမှုများအတွက် အများဆုံးတောင်းခံခဲ့ကြောင်း သိရသည်။

၎င်းအကျိုးခံစားခွင့်များရှိသည့် အမှုတွဲများအတွက် ငွေကျပ် ၃၀၄၆.၁၅၂ သန်းကို ခွင့်ပြုထုတ်ပေးထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက ပြောသည်။

“ဌာနကနေပြီးတော့ မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေကို တစ်ဖက်တစ်လမ်းက အကျိုးခံစားခွင့်ရရှိဖို့ ကူညီဆောင်ရွက်ပေးနေတာပါ။ အခုဘဏ္ဍာနှစ်အတွင်းမှာ အကျိုးခံစားခွင့်အတွက် ငွေကျပ်သန်း ၃၀၀၀ ကျော်ကို အခမ်းအနားပြုလုပ်ပြီး ထုတ်ပေးထားပါတယ်”ဟု ဆိုသည်။

လူမှုဖူလုံရေးအာမခံအလုပ်သမားများတောင်းဆိုလာသည့် အကျိုးခံစားခွင့်များမှာ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်၊ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်၊ မမာမကျန်းမှု၊ မီးဖွားမှု၊ အာမခံထားသူ မီးဖွားစရိတ်၊ ဖခင်ဖြစ်မှု အကျိုးခံစားခွင့်၊ နာရေးစရိတ်၊ ကျန်ရစ်သူအကျိုးခံစားခွင့် စသည်တို့ ဖြစ်ကြောင်း သိရသည်။

ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက “လူမှုဖူလုံးရေး အာမခံ ငွေကြေးအကျိုးခံစားခွင့် ထုတ်ယူဖို့အတွက် အလုပ်သမားတွေကသက်ဆိုင်ရာမြို့နယ်မှာရှိကြတဲ့ လူမှုဖူလုံရေးရုံးနဲ့ လူမှုဖူလုံရေးဆေးပေးခန်းတွေကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်”ဟု ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here