ပါလက်စတိုင်းလုပ်သားများနေရာတွင် အိန္ဒိယ၊ သီရိလင်္ကာ အလုပ်သမားများနှင့် အစားထိုးရန် အစ္စရေး ပစ်မှတ်ထားလာ

0
166

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုပေါ်ပေါက်ခဲ့မှုကြောင့် ထောင်နဲ့ချီတဲ့ ပါလက်စတိုင်း အလုပ်သမားတွေကို တိုင်းပြည်ကနေ ပြည်နှင်ဒဏ်ပေး၊ အလုပ်အကိုင်ပါမစ်တွေ ရုပ်သိမ်းခဲ့ပြီးနောက်ပိုင်း အစ္စရေးဟာ ၎င်းရဲ့ ရပ်ဆိုင်းသွားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်အသက်သွင်းနိုင်ရေးမှာ အလွန်လိုအပ်နေတဲ့ အလုပ်သမားလိုအပ်ချက်များစွာအတွက် အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံတွေထံ ခြေဦးလှည့်လာကြောင်း သိရပါတယ်။

တိုက်ခိုက်မှုတွေမဖြစ်ခင်က နိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းပိုင်းမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ပါလက်စတိုင်းအလုပ်သမား ၈၂၀၀၀ ဝန်းကျင်ရှိခဲ့ပြီး ဒါဟာ ဆောက်လုပ်ရေးကဏ္ဍအလုပ်သမားအင်အားရဲ့ သုံးပုံတစ်ပုံအရေအတွက်ဖြစ်ပါတယ်။

ယင်းအလုပ်သမားတွေ မရှိတော့သလို တရုတ်၊ အရှေ့ဥရောပဒေသတွေမှ နောက်ထပ် အလုပ်သမား ၂၀၀၀ လောက်ကလည်း အောက်တိုဘာ ၇ ရက်နောက်ပိုင်းမှာ နေရပ်ပြန်သွားခဲ့ကြတာကြောင့် အစ္စရေးနိုင်ငံတစ်ဝန်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ တိတ်ဆိတ်သွားခဲ့ရပြီး တိုင်းပြည်စီးပွားရေးကို သိသိသာသာ ထိခိုက်စေခဲ့ပါတယ်။ ဒါ့အပြင် ဟားမတ်စ်နဲ့ စစ်ပွဲအတွက် အစ္စရေးအရန်တပ်သား ထောင်သောင်းချီ စုဆောင်းခဲ့မှုကြောင့်လည်း အလုပ်သမားပြတ်လပ်မှုအခြေအနေ ပိုဆိုးသွားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်က ဈေးကွက်ပမာဏတန်ဖိုး ကန်ဒေါ်လာ ၇၁ ဘီလီယံရှိခဲ့ပြီး တိုင်းပြည်ရဲ့ အကြီးဆုံး စီးပွားရေးကဏ္ဍတွေထဲက တစ်ခုဖြစ်တဲ့ ဆောက်လုပ်ရေးကဏ္ဍဟာ လက်ရှိမှာတော့ စစ်ပွဲမတိုင်ခင် လုပ်ငန်းလည်ပတ်နိုင်စွမ်းရဲ့ ၁၅ ရာခိုင်နှုန်းလောက်သာ ဆက်လက်လည်ပတ်နိုင်တော့တယ်လို့ အစ္စရေး ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း(IBA) က ပြောဆိုပါတယ်။

ယင်းအတွက်ကြောင့် နိုင်ငံရပ်ခြားမှ အလုပ်သမားသစ်များခေါ်ယူရေး အရေးတကြီးအခြေအနေဖြစ်ခဲ့ပါတယ်။ IBA မှ ကိုယ်စားလှယ်တွေဟာ ယခုသီတင်းပတ်ကုန်ပိုင်းမှာ အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံတွေကို သွားရောက်ပြီး အင်္ဂတေဆက်ခြင်း၊ ကြွေပြားခင်းခြင်း၊ အဆောက်အဦပုံစံနဲ့ သံချည်သံကွေး လုပ်ငန်းအသီးသီးအတွက် လျှောက်ထားမှုတွေကို စိစစ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“အချိန်လည်း မရှိတော့ဘူး၊ ငွေကြေးပိုင်းအရလည်း ပြဿနာကြီးကြီးမားမား ကြုံနေပြီဖြစ်လို့ အလုပ်သမား ၁၀၀၀၀ လောက်ကို အစ္စရေးနိုင်ငံတွင်း အမြန်ခေါ်ဆောင်သွားဖို့ ရည်ရွယ်ပါတယ်” လို့ IBA ရဲ့ လက်ထောက် အထွေထွေဒါရိုက်တာ မစ္စတာ ရှေးပါဇနာက ပြောဆိုပါတယ်။

အခြေအနေက အတော်ဆိုးနေတာကြောင့် အရမ်းအလျင်စလိုလုပ်နေကြရပြီး ဒီအလုပ်သမားတွေ ဇန်နဝါရီလကုန်လောက်မှာ အစ္စရေးကို ရောက်ရှိလာဖို့ မျှော်လင့်တယ်လို့လည်း သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။ ယခုခေါ်ယူမယ့် အလုပ်သမားတွေဟာ အစ္စရေးအစိုးရက IBA ကို မတူညီတဲ့ နိုင်ငံတွေကနေ ခေါ်ယူခွင့်ပြုထားတဲ့ အလုပ်သမားသစ် ၃၀၀၀၀ အသုတ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here