ဆူဒန်နိုင်ငံမှာ တိုက်ခိုက်မှုတွေ ကျယ်ပြန့်လာမှုအတွက် လုံခြုံရေးကောင်စီ သတိပေးချက် ထုတ်ပြန်

0
112

စစ်ဘေးသင့် ဆူဒန်နိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုးမြင့်လာမှုအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၂ ရက်မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ပဋိပက္ခဖြစ်စဉ်ကြောင့် လူပေါင်း ၇ သန်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလက အစီရင်ခံခဲ့အပြီး နောက်တစ်ရက်မှာ အခုလို သတိပေးလာတာဖြစ်ပါတယ်။

အရပ်သားတွေအပေါ် တိုက်ခိုက်တာတွေ၊ ပြည်တွင်း စစ်ဘေးရှောင်ထွက်ပြေးရသူတွေ၊ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေ ယာယီနေထိုင်ရာအရပ်တွေအထိ ပဋိပက္ခကျယ်ပြန့်လာမှုကို လုံခြုံရေးကောင်စီက အပြင်းအထန်ရှုတ်ချကြောင်း ပူးတွဲထုတ်ပြန်ချက်မှာ ဆိုခဲ့ပါတယ်။

“ဆူဒန်နိုင်ငံမှာ အကြမ်းဖက်မှုတွေ ပြန့်နှံ့လာခြင်းနဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေ ပိုမိုဆိုးဝါးလာခြင်းကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်” လို့ ပူးတွဲထုတ်ပြန်ချက်မှာဆိုခဲ့ပြီး နိုင်ငံတွင်း အခြေအနေတွေဆိုးဝါးလာမှုကို ထင်ဟပ်စေခဲ့ပါတယ်။

ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးသူ ၇ သန်းအပြင် နောက်ထပ် ၁.၅ သန်းလောက်ဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးခဲ့ကြရတယ်လို့ ကုလသမဂ္ဂက ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။

စစ်ဦးစီးချုပ် အဗ္ဗဒယ် ဖာတက် အယ်ဘူရ်ဟမ်နဲ့ သူ့ရဲ့ လက်ထောက်ဟောင်း RSF တပ်မှူး မိုဟာမက် ဟမ်ဒန် ဒါဂလိုတို့ရဲ့ တပ်တွေအကြား ခါတွန်မြို့တော် တောင်ဘက် ၁၈၀ ကီလိုမီတာအကွာရှိ ဝပ်မာဒါနီမြို့မှာ ဧပြီ ၁၅ရက်ကစလို့ တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ ယင်းအချိန်မှစကာ ပဋိပက္ခအတွင်း လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြခြင်းဖြစ်ပါတယ်။

သို့ပေမယ့် တိုက်ပွဲတွေဟာ စစ်ဘေးရှောင်သူတွေရှိရာ အရပ်တွေအထိ ပြန့်နှံ့လာခဲ့တာကြောင့် စစ်ရှောင်ဒုက္ခသည်တွေအနေနဲ့ ထပ်မံ ထွက်ပြေးတိမ်းရှောင်ရမှုတွေဖြစ်ခဲ့ရတယ်လို့ လုံခြုံရေးကောင်စီက ပြောဆိုခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here