မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူ တရုတ်နိုင်ငံသား ၁၂၃၁၆ ဦးကို လွှဲပြောင်း အပ်နှံထားပြီးဖြစ်၊ဆက်လက်ဖော်ထုတ်ပြီး ပြန်လည်လွှဲပြောင်းခြင်းများ ဆောင်ရွက်သွားမည်

0
178

မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ရောက်နေထိုင်သူ တရုတ်နိုင်ငံသားများကို ပြန်လည်လွှဲပြောင်းပေးထားရာ ဒီဇင်ဘာ (၂၃) ရက်အထိ စုစုပေါင်း (၁၂၃၁၆) ဦးကို လွှဲပြောင်း ပေးအပ်နိုင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ချက်အရ သိရသည်။

အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဒီဇင်ဘာ (၁၆) ရက်မှ ဒီဇင်ဘာ (၂၃) ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား (၂၂၉) ဦး၊ အမျိုးသမီး (၃၉) ဦး၊ စုစုပေါင်း (၂၆၈) ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၃၁) ရက် မှ ဒီဇင်ဘာ(၂၃)ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား (၁၀၉၁၄)ဦး၊ အမျိုးသမီး (၁၄၀၂) ဦး၊ စုစုပေါင်း(၁၂၃၁၆) ဦးတို့ကို လွှဲပြောင်းနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအား ဥပဒေနှင့် အညီဆောင်ရွက်နိုင်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေး​ရေးတို့လုပ်​ဆောင်​နေကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here