အိန္ဒိယကမ်းလွန်တွင် ဓါတုကုန်တင်သင်္ဘောတစ်စီး အီရန်မှ ပစ်လွှတ်ခဲ့သော ဒရုန်းဖြင့် တိုက်ခိုက်ခံရဟု ပင်တဂွန် ပြော

0
196

အိန္ဒိယနိုင်ငံကမ်းလွန်မှာ ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်က ဓါတုဗေဒကုန်တင်သင်္ဘောတစ်စီးကို အီရန်နိုင်ငံမှ ပစ်လွှတ်လိုက်တဲ့ ဒရုန်းတစ်စင်းက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ပင်တဂွန်စစ်ဋ္ဌာချုပ်က ပြောဆိုပါတယ်။

ဂျပန်ပိုင် အဆိုပါသင်္ဘောဟာ ဒေသစံတော်ချိန် မနက် ၁၀ နာရီဝန်းကျင်လောက်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး လူ‌ေ-သဆုံးထိခိုက်မှုမျိုးမရှိခဲ့ကြောင်းလည်း ဆိုခဲ့ပါတယ်။ အမေရိကန်စစ်တပ်က သင်္ဘောနဲ့ အဆက်အသွယ်မပြတ်ရှိနေခဲ့ပြီး အိန္ဒိယရှိ ဆိုက်ကပ်မယ့်နေရာဆီ သင်္ဘောဆက်လက်ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။

လိုက်ဘေးရီးယားအလံလွှင့် ခုတ်မောင်းခဲ့တဲ့ ယင်းသင်္ဘောဟာ ဒတ်ချ်အဖွဲ့အစည်းတစ်ခုရဲ့ စီမံလည်ပတ်မှုအောက်မှာရှိခဲ့တာလို့ ပင်တဂွန်က ပြောဆိုပါတယ်။

အိန္ဒိယကမ်းရိုးတန်းကမ်းလွန် ရေမိုင် ၂၀၀ လောက်မှာ ဒရုန်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းရေပြင်အနီးတစ်ဝိုက်မှာ အမေရိကန် ရေတပ်သင်္ဘောတွေ ရှိမနေခဲ့ဘူးလို့ ဆက်လက် ပြောဆိုခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ လတ်တလောမှာ ထုတ်ပြန်လာတာမရှိသေးပါဘူး။ ကုန်သွယ်သင်္ဘောလိုင်းတွေအတွက် အရေးပါတဲ့ ပင်လယ်နီရေလမ်းကြောင်းမှာ အီရန်ကျောထောက်နောက်ခံပြု ယီမင်ရှိ ဟူသီသူပုန်တို့ရဲ့ ဒရုန်းနဲ့ ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာချိန်မှာ ယခု ဖြစ်စဉ်ပေါ်ပေါက်ခဲ့တာလည်းဖြစ်ပါတယ်။

တိုက်ခိုက်ခံရတဲ့ သင်္ဘောထံက အကူအညီတောင်းခံလာမှုကို တုန့်ပြန်ဆောင်ရွက်ခဲ့ကြောင်း အိန္ဒိယ ရေတပ်က ပြောဆိုပါတယ်။ လေယာဉ်တစ်စင်း စေလွှတ်ခဲ့ပြီး သင်္ဘောအထက် ဝေဟင်ကနေ သင်္ဘောနဲ့ သင်္ဘောသားတွေ ဘေးကင်းလုံခြုံမှုအတွက် ဆက်သွယ်ဆောင်ရွက်ခဲ့တယ်လို့ ရေတပ်အရာရှိတစ်ဦးက AFP ကို ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယရေတပ် စစ်သင်္ဘောတစ်စီးလည်း အခင်းဖြစ်နေရာကို သွားရောက်ခဲ့ပြီး လိုအပ်တဲ့ အကူအညီပေးခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here