မလေးရှားတွင် တရားမဝင်နေထိုင်သူ နိုင်ငံခြားသားများကို စီမံချက်ဖြင့် ဖ-မ်းဆီးနေသဖြင့် လမ်းပေါ်မထွက်ရန်နှင့် သောက်စားဆူညံချင်းမပြုရန် အသိပေးနေ

0
195

မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသူ နိုင်ငံခြားသားများကို စီမံကိန်းချ ဖ-မ်းဆီးနေသောကြောင့် လမ်းပေါ်မထွက်ရန်၊ သောက်စားဆူညံခြင်းမပြုရန် မြန်မာအချင်းချင်း အသိပေးကာ သတိထားနေရကြောင်းသိရှိရသည်။

လက်ရှိကာလအတွင်း ရဲတပ်ရင်းနှင့် အရန် ရဲအင်အား တစ်ထောင်ကျော်ဖြင့် လူဝင်မှုကြီးကြပ်ရေးဌာန၊ နယ်​မြေခံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ တရားမဝင် အလုပ်သမားများကို ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် တရားမဝင်နေထိုင်သည့် နိုင်ငံခြားသားများ၊ မှတ်ပုံမတင်ဘဲ တရားမဝင် လုပ်ကိုင်နေသည့် လုပ်ငန်းများကို ဖမ်းဆီးနှိမ်နင်းနေခြင်းဖြစ်ကာ ခုကဲ့သို့ ဆောင်ရွက်ခြင်းက မလေးရှားအစိုးရ၏ အထူးစီမံကိန်းတစ်ရပ်ဖြစ်သောကြောင့် အထူးသတိထား နေထိုင်ရန်၊ မလိုအပ်ဘဲ လမ်းမ မထွက်ကြရန်၊ သောက်စားဆူညံခြင်းများ မပြုလုပ်ကြရန်နှင့် အထောက်အထားများကို ကိုယ်နှင့်မကွာ ကိုင်ဆောင်ထားရှိကြရန် အကြံပြုထားကြောင်း Center for Arakan Refugges အဖွဲ့ထံမှ သိရသည်။

“လက်ရှိမှာ အဖ-မ်းအဆီးတော်တော်များနေတယ်လို့ ပြောရမယ်။ နေရာတိုင်းလိုလိုမှာ နိုင်ငံခြားသား အလုပ်သမားတွေကို သတိထား စောင့်ကြည့်နေတဲ့ အခြေအနေပါ။ နိုင်ငံရေးအရလည်း မလေးရှားအစိုးရက လုပ်နေတာပေါ့။ လာမယ်ဆိုရင်လည်း တရားဝင်လမ်းကြောင်းကနေ လာစေချင်တယ်။ မဟုတ်ရင် ဒီမှာရောက်ပြီး အလိမ်ခံရတာမျိုးလည်း ရှိတယ်။ အခုလကတော့ အဖ-မ်းအဆီး တော်တော်များနေတဲ့ အချိန်ဖြစ်တယ်”ဟု မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၁ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့လယ်ခေါင်၌ လူစည်ကားချိန်မှ စတင်၍ မလေးရှားအာဏာပိုင်အဖွဲ့မှ လုံခြုံရေး အင်အား (၁၀၀၀) ခန့်နှင့် အော်ပရာစီ စစ်ဆင်ရေးဖြင့် ဖ-မ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖ-မ်းဆီးခံခဲ့ရသည့် နိုင်ငံခြားသား (၅၀၀) ကျော်တွင် ဘင်္ဂလားဒေ့ရှ်လူမျိုးအများဆုံး ဖ-မ်းဆီးခံရပြီး မြန်မာနိုင်ငံသားများ ဒုတိယ အများဆုံးပါဝင်ကြောင်း သိရသည်။

ထိုသို့ ဖ-မ်းဆီးစစ်ဆေးခံရသူများမှ တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ပါမစ်ရှိသူများကို ပြန်လွှတ်ပေးမည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်အတုဖြင့် နေထိုင်သူများ၊ အလုပ်လုပ်ခွင့်ပါမစ်အမျိုးအစားနှင့် အလုပ်အမျိုးအစား မတူသူများကို အရေးယူသွားရန်ရှိကြောင်း မလေးရှား ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါ ဖ-မ်းဆီးခံရသူများအနက် တရားမဝင် အရက်/ဘီယာရောင်းချခြင်း၊ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ဆေးခန်းဖွင့်ခြင်း၊ ဆေးပစ္စည်းရောင်းချခြင်းများ အပါအဝင် အခွန်မဆောင်ဘဲ စားသောက်ကုန်အတု တင်သွင်းသိုလှောင်သူများ ပါဝင်ကြောင်း မလေးရှား ရဲတပ်ဖွဲ့က ထုတ်ပြန်ထားကြောင်း မလေးရှားရောက် မြန်မာအသိုင်းအဝိုင်းထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here