ရန်ကုန် ဧရိယာအတွင်း မောင်းနှင်နေသည့် တက္ကဆီယာဥ်များတွင် အချက်ပြမီး တပ်ဆင်သည့် စနစ်ကို ဆောင်ရွက်မည်

0
270

တက္ကဆီယာဥ်မောင်းများ ဒုစရိုက်ဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် တက္ကဆီဘုတ်တွင် အချက်ပြမီး တပ်ဆင်သည့် စနစ်ကို ဆောင်ရွက်ရန် အစီအစဥ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

တက္ကဆီယာဥ်မောင်းများအနေဖြင့် လုယက်ခံရမှု၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုများအတွက် တစ်ထောင့်တစ်နေရာမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် တက္ကဆီဘုတ်တွင် အချက်ပြမီးတပ်ဆင်မှုစနစ်ကို Yangon City Taxi Association (YCTA) က ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

“အချက်ပြမီး လုပ်နေတာ ဟုတ်ပါတယ်။ တချို့ယာဥ်တွေမှာတော့ တပ်ပြီးသွားပြီ။ အကုန်လုံးတော့ မတပ်ကြသေးဘူး။ တပ်ဖို့လုပ်နေကြတာတွေလည်း ရှိတယ်။ တက္ကဆီသမားတွေအနေနဲ့ လုယက်ခံရမှုတွေ လျော့နည်းပြီး အန္တရာယ် ကင်းဝေးအောင် ဆောင်ရွက်တာ ဖြစ်ပါတယ်”ဟု ဦးလျန်ကျင့်မန်က ပြောသည်။

တက္ကဆီဆိုင်းဘုတ်တွင် တပ်ဆင်ထားသည့် အပြာရောင်နှင့် အနီရောင်မီးပြေးများကို ကားအတွင်းမှ ခလုတ်ဖွင့်ကာ အသိပေးနိုင်မည်ဖြစ်ပြီး ထိုသို့အသိပေးပါက အနီးအနားရှိ တက္ကဆီယာဥ်များက လာရောက်ကူညီနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့အချက်ပြမီး တပ်ဆင်မည်ဖြစ်ကြောင်းကို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးသို့ တင်ပြကာ ခွင့်ပြုချက်ရယူထားပြီး တပ်ဆင်လိုသူများအနေဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း YRTC မှ သိရသည်။

“ယခုလို ဆောင်ရွက်ထားတဲ့ အကြံဥာဏ်ကောင်းပါတယ်။ တက္ကစီမောင်းတဲ့ သူတွေအတွက်လည်း တစ်နည်းအားဖြင့် လုယက်မှုအန္တရာယ်တွေကနေ အထိုက်အလျောက် ကာကွယ်တာပေါ့။ တပ်ထားသင့်ပါတယ်”ဟု တက္ကဆီယာဥ်မောင်းတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပြေးဆွဲနေသည့် City Taxi အစီးရေ ခြောက်သောင်းကျော်ခန့်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here