ပုဂံဘုရားများအား ပျက်စီးစေမည့် ကပ်ပါးပင်များ ရှင်းလင်း​မှု ပထမအဆင့်ပြီးစီး

0
277

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်‌မြေအတွင်းရှိ ဘုရားပုထိုးများကို ပျက်စီးစေမည့် ကပ်ပါးပင်များအား ရှင်းလင်းမှု ပထမအဆင့်အနေဖြင့် ပြီးစီးနေပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပုဂံဌာနခွဲမှ သိရသည်။

ထိုသို့ ဘုရားပုထိုးများတွင် တွယ်ကပ်ပေါက်ပွားနေသည့် ကပ်ပါးပင်များကို ရှင်းလင်းရာတွင် ဧရိယာ (၁၁) ခု သတ်မှတ်ကာ ရှင်းလင်းနေခြင်းဖြစ်ပြီး ရာသီဥတုပြောင်းလဲခြင်းနှင့် မိုးများခဲ့ခြင်းကြောင့် အပင်များပေါက်ရောက်မှု ပိုမိုများပြားခဲ့ကြောင်းလည်း သိရသည်။

“အခုက အပေါ်ပိုင်းတွေကို ရှင်းလင်းတာက ဧရိယာ (၁၁) ခု ရှိတယ်။ တော်တော်လေး ရှင်းလင်းပြီးသွားပြီ။ သိပ်တောင်မကျန်တော့ဘူး။ အဓိကကတော့ ပုဂံကိုဝင်လာတဲ့ အဓိက လမ်းသုံးခုရဲ့ လမ်းဘေးဝဲယာဘုရားတွေကို ပထမဦးစားပေးပေါ့။ ပြီးတော့ တောထဲမှာရှိတဲ့ ဘုရားတွေရဲ့ အပေါ်ပိုင်းတွေမှာ လုပ်နေတယ်”ဟု ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ဆိုသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပထမအဆင့် အနေဖြင့် အပင်များကို ခုတ်ထွင်ရှင်းလင်းပြီးနောက် အပင်အမြစ်များကို ဓာတုဗေဒဆေးရည်ထိုးသွင်းကာ သ-တ်ခြင်း၊ အမြစ်များ တိုးဝင်ခဲ့သည့်နေရာများမှ မိုးရေယိုစီးခြင်း မဖြစ်ရန် ပိတ်ခြင်း စသည်ဖြင့် အဆင့်လေးဆင့်ခန့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

“ကပ်တွယ်နေတဲ့ အပင်တချို့က နွေရောက်တဲ့အခါ ခြောက်ပြီးတော့ သူ့ဘာသာ ကွာကျသွားတာ။ ရေညှိတွေလည်း ကွာကျသွားတာ။ အန္တရာယ်ရှိတာက ညောင်ပင်ပေါ့။ ညောင်ပင်ကိုတော့ အဓိကပေါ့”ဟု ဦးကျော်မျိုးဝင်းက ပြောကြားသည်။

ဓာတ်ပုံ – Kyaw Myo Win


LEAVE A REPLY

Please enter your comment!
Please enter your name here