ဧရာဝတီတိုင်းရှိ စပါးနှင့် ပဲစိုက်တောင်သူများသို့ သွင်းအားစု ကျပ် ၈၆ ဘီလီယံကျော် ထောက်ပံ့ပေးထား

0
163

ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ နွေစပါးနှင့် မိုးစပါး ဧက (၅၂) သိန်းကျော်၊ ပဲမျိုးစုံဧက (၁၆) သိန်းကျော်အတွက် သွင်းအားစုများကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ၈၆ ဘီလီယံ သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ် နွေစပါးရာသီမှစတင်ကာ တောင်သူများထံသို့ ငွေကျပ်နှစ်သိန်းနှင့်ညီမျှသည့် သွင်းအားစုများ စတင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တောင်သူများထံသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ထောက်ပံ့ပေးခြင်းကြောင့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများ၊ သွင်းအားစု ကိုယ်စားလှယ်များနှင့် တောင်သူများအတွက် များစွာအကျိုးရှိဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောသည်။

တောင်သူများအနေဖြင့်လည်း အထွက်တိုး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲအသုံးပြုခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများနှင့် ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲခြင်းများကိုလည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒီဇင်ဘာ (၂၃) ရက်က ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ၂၀၂၃ ခုနှစ် မိုးစပါး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ကြသည့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများ ၊ သွင်းအားစု ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောကြားခဲ့သည်။

နွေစပါးစိုက်ပျိုးရာတွင် ရေရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းနှင့် စပါးအထွက်နှုန်းများကိုလည်း စပါးအမျိုးအစားအလိုက် စနစ်တကျမှတ်တမ်းထားရှိရန်လိုကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စပါးဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here