အော်တစ်ဇင် ရောဂါဖြစ်ပွားနေသည့် ဟက်ကာတစ်ဦးအား ဆေးရုံတွင် ရက်အကန့်အသတ်မရှိထားရန် တရားရုံးဆုံးဖြတ်

0
177

Grand Theft Auto (GTA) ဂိမ်း၏ ဗီဒီယိုဖိုင်များကို ပေါက်ကြားစေခဲ့သည့် အသက် ၁၈နှစ်အရွယ် ဟက်ကာတစ်ဦးသည် အော်တစ်ဇင်ရောဂါဖြစ်ပွားနေသူဖြစ်သဖြင့် ထေ-ာင်တွင်ချုပ်နှောင်ထားမည့်အစား ဆေးရုံတွင်သာ ရက်အကန့်အသတ်မရှိထားစေရန် အောက်စဖို့ပြည်နယ် တရားရုံးက အမိန့်ချမှတ်လိုက်သည်။

အော်တစ်ဇင်ရောဂါဖြစ်ပွားနေသည့် အင်္ဂလန်နိုင်ငံ အောက်စဖို့ပြည်နယ်မှ Arion Kurtaj သည် Lapsus$ အမည်ရှိ နိုင်ငံတကာ ကွန်ပျူတာဟက်ကာဂိုဏ်း၏ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်သည်။

မည်သည့်ဝေဒနာရှင်ပင်ဖြစ်နေပါစေ Kurtaj ၏ ကွန်ပျူတာကျွမ်းကျင်မှုနှင့် ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်လိုသော ဆန္ဒသည် အများပြည်သူအတွက် အန္တရာယ် မြင့်မားနေဆဲဖြစ်ကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။

Kurtaj အား ၎င်း၏ပြင်းထန်သော အော်တစ်ဇင်ရောဂါကြောင့် တရားရုံးတင်စစ်ဆေးရန် မသင့်လျော်ဟု မှတ်ယူထားသောကြောင့် ၎င်းသည် စွပ်စွဲထားသော လုပ်ရပ်များကို ရာဇဝတ်မှုကျူးလွန်ရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် ဆရာဝန်များက ဂျူရီလူကြီးအား တောင်းဆိုခဲ့သည်။

စီရင်ချက်ကြားနာမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုသည့် စိတ်ကျန်းမာရေး အကဲဖြတ်မှုတစ်ခုက Kurtaj သည် ဆိုက်ဘာရာဇဝတ်မှုကျူးလွန်လိုသည့် ရည်ရွယ်ချက်ပြင်းစွာရှိနေကြောင်း ဖော်ပြခဲ့သည်။ သူသည် ထိုသို့ပြုလုပ်ရန် အလွန်စိတ်အားထက်သန်သူဖြစ်ကြောင်းကိုလည်း ယင်းအကဲဖြတ်မှုတွင် ဖော်ပြထားသည်။

သူ့အား Travelodge ဟိုတယ်တွင် ရဲများ၏ အကာအကွယ်ဖြင့် အာမခံပေးထားချိန်တွင် သူသည် ဟက်ကာအလုပ်များကို ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

သူ၏လက်တော့ပ်ကို သိမ်းဆည်းရမိသော်လည်း Kurtaj သည် ၎င်း၏ဟိုတယ်မှ အင်တာနက် TV နှင့် မိုဘိုင်းလ်ဖုန်းတို့ကို အသုံးပြုကာ Amazon Firestick နှင့် Rockstar ကုမ္ပဏီတို့ကို ဆက်လက်ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့သည်။

ဆရာဝန်များက သူ့ကို အများပြည်သူအတွက်အန္တရာယ်ရှိနေဆဲဖြစ်သည်ဟုယူဆပါက ဆေးရုံတွင်သာ ရာသက်ပန်နေရဖွယ်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here