သီရိလင်္ကာမှာ မူးယစ်ဆေးဝါး နှိမ်နင်းရေးစီမံချက်အတွင်း လူပေါင်း ၁၅၀၀၀ နီးပါး ဖမ်းဆီးခံရ

0
174

သီတင်းတစ်ပတ်ကြာမယ့် မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်အတွင်း လူပေါင်း ၁၅၀၀၀ နီးပါးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သီရိလင်္ကာ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၄) မှာထုတ်ပြန်ကြေညာပါတယ်။ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ ဒီလုပ်ရပ်အပေါ် ဝေဖန်ခဲ့ကြပါတယ်။

“Yuktiya” သို့မဟုတ် “Justice” လို့ အမည်ဝှက်ပေးထားတဲ့ စစ်ဆင်ရေးအတွင်း ဆေးခြောက် ၂၇၂ ကီလိုဂရမ်၊ ဘိန်းဖြူ ၉ ကီလိုဂရမ်အပါအဝင် မူးယစ်ဆေးဝါး ၄၄၀ ကီလိုဂရမ်နီးပါး သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

အိန္ဒိယသမုဒ္ဒရာကျွန်းနိုင်ငံဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေရဲ့ တဆင့်ခံနေရာဖြစ်နေတယ်လို့ အာဏာပိုင်တွေက ယုံကြည်နေကြပါတယ်။

သံသယရှိသူ ၁၃၆၆၆ ဦးကို ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးစွဲနေသူ ၁၁၀၀ နီးပါးကို ထိန်းသိမ်းထားကာ စစ်တပ်ကဖွင့်ထားတဲ့ ပြန်လည် ထူထောင်ရေးစခန်းတစ်ခုကို ပို့ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

ရဲနဲ့ စစ်သားတွေက အနံ့ခံခွေးတွေသုံးကာ မြို့တော်နဲ့ အခြားနေရာတွေက နေအိမ်တွေကို ရှာဖွေမှုတွေလုပ်ခဲ့ခြင်းအား ဒေသတွင်း မီဒီယာတွေရဲ့ ရုပ်သံဖိုင်တွေမှာ တွေ့ရပါတယ်။

ခရစ္စမတ်အားလပ်ရက်မှာတော့ တပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးဆိုင်ရာ တာဝန်တွေယူရမှာဖြစ်တဲ့အတွက် စီးနင်းရှာဖွေမှုတွေ ရပ်နားထားမှာဖြစ်ပြီး အင်္ဂါနေ့(ဒီဇင်ဘာ ၂၆) မှာ ပြန်လည်စတင်သွားမှာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

လူ့အခွင့်အရေးရှေ့နေဖြစ်သူ ဟီဂျက်ဇ် ဟစ်ဇ်ဘူလာကတော့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ရှာဖွေဝရမ်းတွေမပါဘဲ စီးနင်းရှာဖွေမှုလုပ်တာဖြစ်လို့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့မညီဘူးလို့ ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် ကျူးလွန်ခံရသူတွေအနေနဲ့ နောက်ပိုင်းမှာ ဥပဒေကြောင်းအရ တုန့်ပြန်ဆောင်ရွက်တာတွေလုပ်နိုင်ဖို့အတွက် တပ်ဖွဲ့ဝင်တွေရဲ့ အသေးစိတ်အချက်အလက်တွေကို တောင်းယူကြဖို့လည်း ၎င်းက တိုက်တွန်းခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here