သီတဂူဆရာတော်ကြီး ဦးဆောင်သည့် သီတဂူ နယ်လှည့် မျက်စိအထူးကု ဆရာဝန်ကြီးများနှင့်အဖွဲ့မှ မြိတ်ခရိုင်အတွင်းရှိ မျက်စိဝေဒနာရှင်များအား ဒုတိယ အကြိမ် အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေး

0
141

သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သီတဂူ ဆရာတော် ဦးဆောင်သည့် သီတဂူနယ်လှည့်မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့သည် တနင်္သာရီ တိုင်းဒေသကြီး ၊ မြိတ်မြို့၊ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူဇီဝိတဒါန၊ စက္ခုဒါန ဆေးရုံတွင် မြိတ်ခရိုင် အတွင်းရှိ ရဟန်း၊ ရှင်၊ လူ ပြည်သူများ၏ မျက်စိရောဂါဝေဒနာရှင်များအား ယနေ့ ဒီဇင်ဘာ (၂၅) ရက်တွင် ဒုတိယအကြိမ် အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မျက်စိရောဂါ ဝေဒနာရှင်များအား အခမဲ့ စမ်းသပ် စစ်ဆေးဆောင်ရွက်ပေးနေမှုအား သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ၊ တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လာရောက်စမ်းသပ် စစ်ဆေးကုသမှုခံယူကြသည့် မျက်စိရောဂါဝေဒနာရှင်များအား ခွဲစိတ်ကုသရန် လိုအပ်သူများကို ခွဲစိတ်ကုသပေးနိုင်ရန် ရေတိမ်စမ်း သပ်စက်၊ ပါဝါစမ်းသပ်စက်၊ မျက်စိအခြားရောဂါစမ်းသပ်စက်တို့ဖြင့် အထူးကု ဆရာဝန်ကြီးများနှင့် အဖွဲ့မှ အမြင်စမ်းသပ်ခြင်း၊ မျက်တွင်းမှန်တိုင်းခြင်း၊ ရေချိန်တိုင်းခြင်းကို စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။

မြိတ်ခရိုင်ရှိ မျက်စိခွဲစိတ်ကုသရန်လိုအပ်သည့် ဝေဒနာရှင်များကို ဆေးရုံခွဲစိတ်ခန်းအတွင်း မျက်စိခွဲစိတ် ကုသပေးသည့် စက်(၃)စုံ၊ ခွဲစိတ်ကုတင်(၄)လုံးတို့ဖြင့် ယနေ့မှစတင်ကာ ဒီဇင်ဘာ(၃၀)ရက်အထိ အခမဲ့စမ်းသပ်စစ်ဆေးပြီး ခွဲစိတ်ကုသကာ စက္ခုဒါနပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျက်စိရောဂါ ဝေဒနာများကို ဆေးကုသမှုခံယူရန် စာရင်းပေးထားသူ(၁၅၂၅)ဦးရှိပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြိတ်မြို့သီတဂူဇီဝိတ ဒါနစက္ခုဒါနဆေးရုံ စီမံစောင့်ရှောက်ရေးအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် ပရဟိတအသင်းအဖွဲ့များမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းလည်းသိရသည်။

ထို့အပြင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လုပ်ငန်းရှင်များက သီတဂူ ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများအတွက် နဝကမ္မအလှူငွေ စုစုပေါင်း ကျပ်သိန်း (၂၉၀) ကို မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here