ပြည်ပပို့ကုန်မှ ပို့ကုန်ရငွေများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရမည့် ကာလကို ဗဟိုဘဏ်က ထပ်မံကန့်သတ်

0
262

ပြည်ပသို့ တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရမည့်ကာလအား လျှော့ချသတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒီဇင်ဘာ (၂၅) ရက်စွဲဖြင့် ထုတ်ပြန်အသိပေးထားသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ပြည်တွင်းမှ အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ ရက်ပေါင်း (၃၀)အတွင်း၌ လည်းကောင်း (ယခင်က ၄၅ရက်အတွင်း)၊ အခြားနိုင်ငံများသို့ တင်ပို့သ ည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ ရက် (၆၀)အတွင်း၌ လည်းကောင်း (ယခင်က ရက် ၉၀အတွင်း)မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအမိန့်ကြော်ငြာစာသည် စတင်ထုတ်ပြန်သည့် ဒီဇင်ဘာ (၂၅) ရက်မှ စတင်အကျိုးသက်ရောက်မည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ဗဟိုဘဏ်က အမိန့်ကြေညာချက်အမှတ် ၂၇/၂၀၂၃ ဖြင့် ထုတ်ပြန်အသိပေးထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံဗဟိုဘဏ်သည် ပြည်ပပို့ကုန်မှ ရငွေများပြန်လည်ဝင်ရောက်ရမည့် ကာလနှင့် ပတ်သက်၍ ယခင်က ပြည်တွင်းမှ အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ (၄၅) ရက်အတွင်း၌ လည်းကောင်း၊ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ ရက်ပေါင်း (၉၀) အတွင်း၌ လည်းကောင်း ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၂ ဖြင့် အသိပေးထုတ်ပြန်ထားရာမှ ယခု ပြန်လည်ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ထို့ပြင် သတ်မှတ်ချက်များနှင့်အညီ ငွေပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများကို ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းကိုလည်း ပြီးခဲ့သည့်  အောက်တိုဘာ (၆) ရက်တွင် ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးကြေညာချက် ထုတ်ပြန်ထားပြီးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here