နယူးဒေလီမှာ မြူထူထပ်မှုကြောင့် မီးရထားနဲ့ လေကြောင်းခရီးစဉ်များ ကမောက်ကမဖြစ်

0
155

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာ အင်္ဂါနေ့(ဒီဇင်ဘာ ၂၆) က မီးခိုးမြူထူထပ်စွာ ဖုံးလွှမ်းနေမှုကြောင့် လေကြောင်းနဲ့ မီးရထားဝန်ဆောင်မှုတွေ နှောင့်နှေး ကမောက်ကမ ဖြစ်ခဲ့ပြီး အချို့နေရာတွေမှာ မီတာ ၅၀ လောက်အကွာအဝေးထိပဲ မြင်နိုင်တဲ့အခြေအနေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အပူချိန် ၉ ဒီဂရီဆဲလ်စီးယပ်စ်သာရှိတဲ့ မြို့တော်မှာ မြူအလွန်ထူထပ်ခဲ့တာကို တွေ့ရှိရပြီး အလားတူ ဧရိယာတွေမှာ ဒီနေ့ နဲ့ ဗုဒ္ဓဟူးနေ့ မနက်အစာပိုင်းအချိန်တွေအတွင်း မြူထူထပ်ရာကနေ အလွန်ထူထပ်တဲ့ အခြေအနေဖြစ်ဖွယ်ရှိတယ်လို့ အိန္ဒိယ မိုးလေဝသဋ္ဌာနက ပြောဆိုပါတယ်။

ထူထပ်သောမြူများထဲမှာ အမှုန်အမွှားတွေနဲ့ အခြား ညစ်ညမ်းအရာတွေပါဝင်ကြောင်း မိုးလေဝသဋ္ဌာနက ဆိုခဲ့ပြီး မြို့ခံ လူဦးရေ သန်း ၂၀ ခန့်ရဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

အင်္ဂါနေ့မနက်ပိုင်းမှာ နယူးဒေလီမြို့ရဲ့ လေထုအရည်အသွေး အညွှန်းကိန်းဟာ ၃၇၆ မှာ ရပ်တည်နေပြီး အရမ်းညံ့ဖျင်းတဲ့ အခြေအနေဖြစ်တယ်လို့ ဗဟိုလေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဘုတ်အဖွဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ လေထုအရည်အသွေးအညွှန်းကိန်းအဆင့် ၀ ကနေ ၅၀ အခြေအနေကိုသာ ကောင်းမွန်တဲ့အခြေအနေလို့ သတ်မှတ်ကြောင်း သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်တစ်ခုအပါအဝင် နယူးဒေလီလေဆိပ်မှ ထွက်ခွာ သို့မဟုတ် ဆိုက်ရောက်ရမယ့် လေကြောင်းခရီးစဉ် ၃၀ ထက်မနည်းဟာ မြူထူထပ်မှုကြောင့် ခရီးစဉ်ကြန့်ကြာမှုတွေဖြစ်ခဲ့တယ်လို့ အိန္ဒိယသတင်းဋ္ဌာန ANI က ဆိုပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံမြောက်ပိုင်း လမ်းကြောင်းတွေကို ထွက်ခွာမယ့် ရထားခရီးစဉ် ၁၄ ခန့်ဟာလည်း အလားတူ သက်ရောက်မှုဖြစ်ခဲ့တယ်လို့ ANI က ဖော်ပြပါတယ်။

ဒေလီလေဆိပ်မှာ လေယာဉ် အဆင်း အတက်များ ဆက်လက်လုပ်ဆောင်နေစဉ်အတွင်း CAT III နဲ့ မညီညွတ်တဲ့ လေယာဉ်ခရီးစဉ်တွေ ထိခိုက်မှုရှိနိုင်တယ်လို့ အိန္ဒိယ ဂန္ဒီအပြည်ပြည်ဆိုင်ရာ လေဆိပ်က ဆိုရှယ်မီဒီယာ X မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

CAT III ဆိုတာကတော့ မြင်နိုင်စွမ်းနည်းတဲ့ အခြေအနေမျိုးမှာ လေယာဉ်ဆင်းသက်စေနိုင်မယ့် လမ်းကြောင်းပြစနစ်တစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here