ရန်ကုန်တွင် လာရောက်ဆောင်းခိုသော Northern Shoveler ခေါ် ဂေါ်ပြားနှုတ်သီးပုံ ဘဲ Northern Shoveler ကို ပထမဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့

0
320

လှော်ကားဥယျာဉ်တွင် လာရောက်ဆောင်းခိုပြီး မှတ်တမ်းမရှိသေးသော ရေငှက်အမျိုးအစား တစ်မျိုးဖြစ်သည့် Northern Shoveler (Female) ကို ပြီးခဲ့သည့် ဒီဇင်ဘာ (၂၃) ရက်က ဥယျာဉ်ရှိ Camping Ground ရေကန်တွင် မှတ်တမ်းတင်နိုင်ခဲ့​ကြောင်းသိရသည်။

အဆိုပါ Northern Shoveler ခေါ် ဂေါ်ပြားနှုတ်သီးပုံဘဲကို ပြီးခဲ့သည့် ဆောင်းခိုရာသီတွင် မှတ်တမ်းတင်ထားသော Mandarin Duck ရေဘဲအမျိုးအစား၊ Spot-billed Duck ရေဘဲ များနှင့် တစ်အုပ်စုထဲတွင် တွေ့ရှိ မှတ်တမ်းတင်နိုင်ခြင်းဖြစ်ကြောင်း လှော်ကားဥယျာဉ်ထံမှ သိရသည်။

Northern Shoveler ရေဘဲ အမျိုးအစားမှာ သိသာထင်ရှားသော ထိပ်ကားဇွန်းပြားပုံစံ နှုတ်သီးအကြီးစား (Huge and Spatula-shape Bill) က တခြားရေဘဲအမျိုးအစားများနှင့် မတူပဲ သိသာထင်ရှား‌ကြောင်း သိရသည်။

လှော်ကားဥယျာဉ်ရှိ ရေကန်တွင် မနှစ်က လာရောက်ဆောင်းခိုခဲ့ပြီး မြန်မာနိုင်ငံအတွင်း တွေ့ရခက်ခဲသော ဆောင်းခိုငှက်တစ်မျိုးဖြစ်သည့် ရေဘဲအမျိုးအစားများထဲတွင် အမွေးအတောင် အရောင်စုံလင်လှပြီး ကျောကုန်းအပေါ်တွင် ကွေးတက်သွားသည့် ရွက်အတောင် (Sail Fins) ပါ မန်ဒရင်းဘဲငှက် (Mandarin Duck) တစ်ကောင်သည်လည်း ယခုနှစ် ဒီဇင်ဘာ (၁၇) ရက်တွင် ထပ်မံရောက်ရှိကာ ဆောင်းခိုနေပြီဖြစ်သည့်အတွက် ငှက်ချစ်သူများနှင့် ငှက်ကြည့်ဝါသနာရှင်အပေါင်းတို့ လာရောက်လေ့လာနိုင်ကြောင်းလှော်ကား ဥယျာဉ်မှ အသိပေးထားသည်။

ဓာတ်ပုံ – လှော်ကားဥယျာဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here