ဒီဇင်ဘာလ ခရီးသွားရာသီအတွင်း အထင်ကရ နေရာများသို့ ပြည်တွင်းခရီးသွားလာမှုများပြားလျက်ရှိ

0
214

မြန်မာနိုင်ငံ၏ အထင်ကရ နေရာများဖြစ်သည့် ပုဂံ-ညောင်ဦး၊အင်းလေး-ကလော ၊ ငွေဆောင်၊ ချောင်းသာ ခရီးစဉ်များအပြင် တောင်တက်ခရီးစဉ်များ၊ တိမ်ပင်လယ်ခရီးစဉ်များသို့ သွားရောက် လည်ပတ်မှုများ ယခုဒီဇင်ဘာလ ခရီးသွားရာသီအတွင်း များပြားလျက်နေကြောင်း ခရီးသွားအေဂျင်စီများထံမှ သိရသည်။

“ဒီဇင်ဘာလက ရာသီဥတုကလည်း အေးအေးလေးနဲ့ ရုံးပိတ်ရက်၊ ဒီဇင်ဘာ ကျောင်းပိတ်ရက်တွေနဲ့ဆိုတော့ ခရီးသွားလာမှုများနေတယ်။ ပုဂံ- ညောင်ဦး၊ ကလောဘက်တွေဆို တော်တော်လေး သွားကြတယ်။ ငွေဆောင်၊ ချောင်းသာကိုလည်း ရက်တိုခရီးစဉ်တွေအနေနဲ့ သွားရောက်လည်ပတ်ကြတယ်။ လူငယ်တွေကြား တိမ်ပင်လယ်ကြည့်တာတွေကလည်း စိတ်ဝင်စားမှုများလာကြတယ်” ဟု ပြည်တွင်းခရီးသွားအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ အပန်းဖြေခရီးစဉ်များ ဖော်ဆောင်လာခြင်းသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးလှိုင်ဦးကလည်းပြောကြားထားသည်။

“တိမ်ပင်လယ်တို့၊ ရေတံခွန်တို့၊ သာယာလှပတဲ့ ရှုခင်းတွေကို ခရီးသွားတွေအနေနဲ့ သွားရောက်တယ်၊ ကြည့်ရှုတယ်၊ အနားယူတယ်ဆိုရင် ပြည်တွင်းခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ကောင်းတဲ့အလား အလာပါပဲ။ ဒါကြောင့် ဒီလိုခရီးစဉ်တွေဖော်ဆောင်လာတာက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်ပါတယ်။ သဘာဝကို အခြေခံတဲ့ ခရီးသွားလုပ်ငန်း၊ အပန်းဖြေတဲ့ခရီးသွားလုပ်ငန်း၊ ရေမြေတောတောင်သဘာဝအလှဆိုတာ တစ်မူထူးခြားတဲ့အတွက် နိုင်ငံတကာခရီးသွား ဧည့်သည်ဝင်ရောက်မှုအတွက် ဆွဲဆောင်တယ်။ ဒါပေမဲ့ ပြည်တွင်းခရီးသွားတွေ ဖွံ့ဖြိုးတိုးတက်အောင် အရင်ဆောင်ရွက်မယ်၊ နောက်ပြီး နိုင်ငံခြားသား ခရီးသွားတွေကို ကြိုဆိုဖို့အတွက်လိုအပ်တဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ဆောင်ရမှာပါ” ဟု ၎င်းက ပြောကြားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ (၁၁) လတာကာလအတွင်း ပြည်တွင်းခရီးသွားအရေ အတွက်မှာ ၈ ဒသမ ၈၅ သန်းရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန စာရင်းဇယားများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here