ရန်ကုန်ရွှေအသင်း‌၏ ရည်ညွှန်းဈေးသည် ပြင်ပရွှေဈေးထက် နှစ်သောင်းကျပ်နီးပါး ပိုမြင့်နေ

0
169

ရန်ကုန်တိုင်းရွေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းဈေးသည် ပြင်ပပေါက်ဈေးထက် ကျပ်နှစ်သောင်းနီးပါး ပိုမိုမြင့်နေကြောင်း အဆိုပါအသင်းမှ ထုတ်ပြန်ထားသည့် ဈေးနှုန်းအရ သိရသည်။

ယနေ့ ထုတ်ပြန်ထားသည့် ‌ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းဈေးသည် အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားလျှင် ၃၇၂၄၃၀၀ ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်တွင် ၃၇၀၅၀၀၀ ကျပ်သာရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၅) ရက်ကစတင်ကာ ဗဟိုဘဏ်မှ အွန်လိုင်းမှ အရောင်းအဝယ်ပြုလုပ်သည့် ဒေါ်လာငွေလဲလှယ်နှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း အရောင်းအဝယ်ပြုလုပ်ရန် သတ်မှတ်ခဲ့ပြီးနောက် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းစျေးသည်လည်း မြင့်တက်လာခြင်း ဖြစ်သည်။

ယနေ့ ဒီဇင်ဘာ (၂၇) ရက်တွင် ဗဟိုဘဏ်၏ အွန်လိုင်းစနစ်ဖြင့် ရောင်းချသော အမေရိကန်ဒေါ်လာစျေးနှုန်းမှာ ၃၃၀၀ ကျပ်ဝန်းကျင်မှ ၃၄၀၀ ကျပ် ဝန်းကျင်ဖြစ်ကြောင်း သိရသည်။

အွန်လိုင်းတွင် နေ့စဉ်ဒေါ်လာရောင်းဝယ်သည့် စျေးနှုန်းဖြင့် တွက်ချက်ခြင်းဖြစ်သည့်အတွက် အရောင်းအဝယ်ပြုလုပ်ရန် သတ်မှတ်ပေးသည့် ရည်ညွှန်းဈေးသည် မြင့်တက်လာရခြင်း‌ဖြစ်ကြောင်း ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း၏ ဥက္က ဋ္ဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူးစ်သို့ ဖြေကြားထားသည်။

ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း၏ နေ့စဉ်ထုတ်ပြန်ပေးနေသည့် ရွှေရည်ညွှန်းစျေးသည် ကမ္ဘာ့ရွှေစျေးနှုန်းနှင့် ဒေါ် လာပေါက်စျေးပေါ်အခြေခံ၍ တွက်ချက်ထားသည့် စျေးနှုန်းဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here