အစိုးရချေးငွေယူ၍ နွားနှင့် ငါးမွေးသူများထဲမှ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုရှိခဲ့သူများအတွက်ဆောင်ရွက်မည့် အစီအမံများကို စီမံ/ဘဏ္ဍာဝန်ကြီး ဦးဆောင်ဆွေးနွေး

0
194

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွားနှင့် ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ဆောင်ရွက်မည့်အစီအမံများနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တင်ပြလာမှုအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်ပြီး ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးကို ဒီဇင်ဘာလ (၂၇) ရက်တွင် နေပြည်တော်ရှိ စီမံ/ဘဏ္ဍာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အစည်းအဝေးသို့ ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံ/ဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်နှင့် ကော်မတီအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် စီမံ/ဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဘဏ္ဍာရေးစည်းမျဉ်း ပြင်ဆင်ချက်အတွက် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းတွင် ဖော်ပြထားသည့် ငွေစာရင်းထိန်းသိမ်းထားရှိရမည့် စာရင်းဇယားပုံစံများကို စနစ်တကျမှတ်တမ်းထားရှိနိုင်ရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာတာဝန်ခံများကို Online စနစ်ဖြင့် သင်တန်း (၂) ရက် ဖွင့်လှစ်ပို့ချသွားမည်ဟု ပြောကြားခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများက ရန်ပုံငွေမှ နွေစပါး၊ ပဲတီစိမ်းချေးငွေထုတ်ချေးခဲ့မှုနှင့် ပြန်လည်ကောက်ခံရရှိမှု၊ မိုးစပါးချေးငွေ ထုတ်ချေးပြီးစီးမှု၊ ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေထုတ်ချေးထားမှု၊ ဆောင်းသီးနှံချေးငွေ အချိန်မီထုတ်ချေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများက တင်ပြလာသည့် အားသာချက်၊ အားနည်းချက်များ၊ အကြံပြုတင်ပြချက်များကို အခြေခံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ချေးရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ချေးငွေထုတ်ချေးရေးလုပ်ငန်းစဉ်များအား ကြီးကြပ်ဆောင်ရွက်ရေးနှင့် ပြန်လည်သုံးသပ်ရေးကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here