နိုဝင်ဘာလတွင် ပြည်ပသို့ ရော်ဘာတန်ချိန် ၅၇၆ဝ တင်ပို့ခဲ့ပြီး ဒေါ်လာ ၇ သန်းကျော် ရရှိခဲ့

0
239

ယခုနှစ် နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ (၇)သန်းကျော် တန်ဖိုးရှိ ရော်ဘာတန်ချိန် ၅၇၆ဝ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံမှ ရော်ဘာများကို ပြည်ပဖောက်သည်ဈေးကွက်နိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ လစဉ်တင်ပို့ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ တင်ပို့ရောင်းချပေးရာတွင် ယခုနှစ် နိုဝင်ဘာလအတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၆.၄၉ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၄၉၄ဝ နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁.ဝ၉၇ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၈၂၀ ကို တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

နိုင်ငံအလိုက် တင်ပို့ရောင်းချမှုအနေဖြင့် ပင်လယ်ရေကြောင်းမှ တရုတ်နိုင်ငံသို့ ရော်ဘာ ၂၂၁၅ တန်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ ၇၂၅ တန်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂ဝ ဝဝ စုစုပေါင်း ရော်ဘာတန်ချိန် ၄၉၄ဝ တင်ပို့ရောင်းချပေးခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၈၂ဝ တင်ပို့ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ရော်ဘာခြံ စိုက်ပျိုးရေးလုပ်ငန်းများကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ပျိုးလျက်ရှိပြီးမြန်မာတစ်နိုင်ငံလုံးတွင် ရော်ဘာ စိုက်ပျိုးဧက ၁ ဒသမ ၆၄ သိန်းကျော် ရှိပြီး တစ်နှစ်လျှင် ပျမ်းမျှရော်ဘာတန်ချိန် လေးသိန်းကျော်ထွက်ရှိကြောင်းလည်း သိရသည်။

မြန်မာ့ရော်ဘာများကို တရုတ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန် စသည့် နိုင်ငံများသို့ တင်ပို့ရောင်းချပေးနေသော်လည်း ထွက်ရှိနေသည့် ရော်ဘာ တန်ချိန်အားလုံး၏ ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုကဏ္ဍတွင် ၂၀၁၈-၁၀၂၉ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရော်ဘာတင်ပို့ရောင်းချပေးမှုမှ နှစ်စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာသန်း ၂၅ဝ မှ သန်း ၄၅၀ ကြား နိုင်ငံခြားဝင်ငွေ ရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here