မြဝတီလမ်းပိုင်း အခက်အခဲရှိသော်လည်း ထိုင်းနိုင်ငံသို့ MOU လုပ်သားပုံမှန်အတိုင်းစေလွှတ်နေဟုဆို

0
152

ထိုင်းနိုင်ငံသို့ MOU လုပ်သားစေလွှတ်ရာတွင် အဓိကလမ်းကြောင်းဖြစ်သည့် မြဝတီလမ်းပိုင်းသည် အခက်အခဲရှိနေသော်လည်း ပုံမှန်အတိုင်းစေလွှတ်နေကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကပြောသည်။

“MoU လုပ်သားနဲ့ လွှတ်တာ လမ်းကြောင်းနှစ်ကြောင်း၊ ရန်ကုန်-မြဝတီ-မဲဆောက်၊ ရန်ကုန်-ကော့သောင်း-ရနောင်း ဆိုပြီးတော့ စေလွှတ်ရေးကိစ္စတွေ ဆောင်ရွက်နေတယ်။ ကော့ကိုကိုးလမ်းကနေ မြဝတီကို သွားလို့ရနေတယ်။ ယာဉ်ကြီးတွေတော့ သွားလို့မရဘူး။ ယာဉ်ငယ် ယာဉ်လတ်တွေ အထိတော့ သွားနေတယ်လို့ သိရတယ်။ သွားတဲ့ စနစ်ကလည်း နည်းနည်းသွားတာ များတဲ့အတွက် အတက်ယာဉ်ကြော တစ်ရက်၊ အဆင်းယာဉ်ကြော ယာဉ်တန်းတစ်ရက် ဒီလိုသွားနေတယ်လို့ သိရတယ်။ လုံး၀ MoU လုပ်သားတွေ စေလွှတ်တာ ရပ်တန့်သွားတဲ့ အခြေအနေမရှိပါဘူး။ အခက်အခဲအချို့ရှိသော်လည်းပဲ ပုံမှန် ထိုင်းနိုင်ငံကို သွားနေတဲ့ အနေအထားမျိုးနီးပါး ရွှေ့ပြောင်းလုပ်သားတွေ၊ MoU စာချုပ်လုပ်သားတွေ သွားနေတယ်”ဟု ၎င်းကပြောသည်။

အလားတူ ရန်ကုန်-ကော့သောင်းလေယာဉ်နှင့်ကော့သောင်း-ရနောင်းရေယာဉ်ဖြင့်လည်း ထိုင်းနိုင်ငံသို့ MOU လုပ်သားစေလွှတ်လျက်ရှိကြောင်း၊ ယင်းကြောင့် MoU လုပ်သားနှင့်ပတ်သက်၍လုံးဝရပ်တန့်သွားသည့်အနေအထားမရှိကြောင်း သိရသည်။

“နောက်ဆုံး ထိုင်းနိုင်ငံဘက်နဲ့လည်း ညှိနှိုင်းထားတာက မြဝတီဘက်ကနေ သူတို့ဘက်ကို လာနေတဲ့ MoU လုပ်သားတွေ အရမ်းခက်ခဲသွားမယ်၊ ဘယ်လိုမှ သွားလို့ လာလို့ အဆင်မပြေဘူးဆိုရင်လည်း သူတို့ (ထိုင်း) ဟိုဘက်ကနေ ရန်ကုန်-ကော့သောင်း-ရနောင်း လမ်းကြောင်းကနေ လာမယ်ဆိုရင်လည်း သူတို့အနေနဲ့ အဆင်ပြေအောင် လက်ခံတဲ့ လုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့အောင် လုပ်ပေးမယ်လို့လည်း ပြောဆိုလာတာလေးတွေ ရှိပါတယ်။ (အဲ့တော့ ပြောချင်တာက) လက်ရှိအခြေအနေမှာ ချောချောမွေ့မွေ့ မဟုတ်သော်လည်းပဲ လုပ်ငန်းတွေ ရပ်တန့်တဲ့ အနေအထားတော့ မရှိသေးပါဘူး။ သွားလာလုပ်ကိုင်တဲ့ အနေအထားရှိနေတယ်လို့ ပြောလို့ရပါတယ်”ဟု ၎င်းကဆက်လက်ရှင်းပြထားသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ရွှေ့ပြောင်းလုပ်သားလုပ်ငန်းစဉ်များကို တိုက်ရိုက်ကြီးကြပ်ရခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၊ လိုအပ်သည့် ဦးစီးဌာန လုပ်ငန်းအဖွဲ့အစည်းများနှင့်လည်းဆက်စပ်၍ ရွှေ့ပြောင်းလုပ်သားများသွားသည့် ခရီးလမ်းကြောင်း အဆင်ပြေစေရန်၊ အတတ်နိုင်ဆုံး သွားရမည့်ရက်များတွင် အချိန်ကိုက်သွားနိုင်စေရန်၊ အချိန်တိုအတွင်းသွားနိုင်ရန်အတွက် အားလုံးပေါင်းစပ်ညှိနှိုင်း၍ အတက်နိုင်ဆုံး ပြေလည်အောင် ဝန်ဆောင်မှုပေးကာ ဖြေ‌ရှင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဒီကြားထဲကနေ အခက်အခဲတွေ၊ မပြေလည်မှုတွေ ရှိရင်လည်း အလုပ်သမားဝန်ကြီးဌာနကို တိုက်ရိုက်ဆက်သွယ်ပြီး ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အခြေအနေတွေကို တင်ပြလာရင်လည်း (ကျွန်တော်တို့) ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဖြေရှင်းဆောင်ရွက်ပေးသွားမယ်ဆိုတာကို အသိပေးပြောကြားလိုပါတယ်”ဟု ဆက်လက်ပြောကြားထားသည်။

ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၄ သန်းခန့်ရှိပြီး ယင်းမှ MoU လုပ်သား ၁၅ သိန်းခန့်ရှိကြောင်း ထိုင်းအစိုးရ၏ ဖော်ပြချက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here