ထိုင်ဝမ် သမ္မတ ရွေးကောက်ပွဲ လူထုစစ်တမ်းအရ DPP ပါတီမှ လိုင်ချင်းတေ ဦးဆောင်နေ

0
241

ဇန်နဝါရီ ၁၃ ရက်မှာ ပြုလုပ်မယ့် ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲမတိုင်ခင် သီတင်းနှစ်ပတ်အလို နောက်ဆုံးကောက်ယူထားတဲ့ လူထုစစ်တမ်းတွေအရ အနီးစပ်ဆုံးပြိုင်ဘက်အပေါ် တရုတ်ဖဲချပ်ကိုင်ကစားနေတဲ့ လိုင်ချန်းတေက ကွာဟချက်ပိုကြီးစွာနဲ့ ထိပ်ကဦးဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက်ကပြုလုပ်တဲ့ ရုပ်မြင်သံကြားကနေ ပေါ်လစီပိုင်းဆိုင်ရာ ဒုတိယအကျော့ မိတ်ဆက်မှုအတွင်း အာဏာရ ဒီမိုကရေစီတိုးတက်ရေး(DPP) ပါတီရဲ့ မစ္စတာ လိုင်က အဓိကပြိုင်ဘက်ဖြစ်တဲ့ ကူမင်တန်(KMT) ပါတီဟာ တရုတ်လိုလားတဲ့သဘောထားရှိကြောင်းနဲ့ KMT ဟာ သူတို့ရဲ့ ဥတွေအားလုံးကို ကျွန်းဒေသစီးပွားရေးမှာ ခွဲဝေရမယ့်အစား တရုတ်ခြင်းတောင်းတစ်ခုထဲမှာပဲ ထည့်ထားတယ်လို့ ထိုးနှက်ခဲ့ပါတယ်။

“ဒီစွပ်စွဲချက်က လိုင်ရဲ့ မဲဆွယ်မဟာဗျူဟာဟာ တရုတ်နဲ့ KMT အကြား ချိတ်ဆက်မှုအပေါ် သက်ရောက်မှုရှိစေမယ့် လှည့်ကွက်ဟောင်းတစ်ခုပါပဲ” လို့ National Chengchi တက္ကသိုလ်မှ ဒေါက်တာ လျူဖူကောက The Straits Times ကို ပြောဆိုပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို တစ်ချိန်မှာ ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရမယ့် ၎င်းရဲ့ ပိုင်နက်နယ်မြေတစ်ခုအဖြစ် မှတ်ယူထားပေမယ့် ထိုင်ဝမ်သားအများစုကတော့ လက်ရှိအနေအထားကိုပဲ ဆက်ထိန်းထားလိုကြပါတယ်။

DPP နဲ့ KMT ပါတီတို့ဟာ တရုတ်ဆိုင်ရာ ပေါ်လစီနဲ့ပတ်သက်လို့ ထင်ထင်ရှားရှားကွဲပြားမှုရှိကြပြီး KMT က “92 Consensus” လို့ခေါ်တဲ့ ထိုင်ဝမ်ရေလက်ကြား နှစ်ဘက်စလုံးဟာ တရုတ်တစ်နိုင်ငံတည်းဖြစ်တယ်ဆိုတဲ့ မူကို လက်ခံပြီး လွတ်လပ်ရေးကိုအားပြုတဲ့ DPP ကတော့ ဒါကို လက်မခံပါဘူး။

စစ်တမ်းကောက်ယူရေးအဖွဲ့အစည်း My Formosa ရဲ့ ဒီဇင်ဘာ ၂၈ ရက်က နောက်ဆုံး လူထုသဘောထားစစ်တမ်း ထုတ်ပြန်ချက်အရ မစ္စတာ လိုင်နဲ့ သူ့ရဲ့ ဒုသမ္မတလောင်း Hsiao Bi-Khim က ထောက်ခံမှု ၄၀ ရာခိုင်နှုန်းရှိခဲ့ပြီး KMT ကိုယ်စားလှယ်လောင်းတွေက ၂၈.၉ ရာခိုင်နှုန်းရှိခဲ့တာကြောင့် ကွာဟချက် ၁၁.၁ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ My Formosa ရဲ့ ဒီဇင်ဘာ ၂၆ ရက် စစ်တမ်းရလဒ်မှာတော့ DPP က ကွာဟချက် ၉ ရာခိုင်နှုန်းနဲ့ ဦးဆောင်ခဲ့တာကြောင့် အရင်ရလဒ်ထက် ကွာဟချက်ပိုကြီးလာခဲ့တာဖြစ်ပါတယ်။

KMT ပါတီရဲ့ သမ္မတလောင်းက မစ္စတာ Hou Yu-ih ဖြစ်ပြီး ဒု-သမ္မတလောင်းက Jaw Shaw-kong ဖြစ်ကြောင်း သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here