တိုက်ပွဲကြောင့် သီပေါ နမ္မတူလမ်းပိုင်း မိုးတေ တံတား ထပ်မံ ပျက်ဆီး

0
224

ယမန်နေ့ ဒီဇင်ဘာ (၂၈)ရက် ည (၇)နာရီဝန်းကျင်အချိန်ခန့်တွင် သီပေါ နှင့် နမ္မတူအကြားလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ၊ ယင်းလမ်း‌ပိုင်းပေါ်ရှိ မိုးတေတံတား ထပ်မံပျက်ဆီးခဲ့ကြောင်း အမည်မဖော်လိုသည့် ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

အဆိုပါ မိုးတေတံတားမှာ လုံးဝကျိုးကျသွားခြင်းမျိုးမဟုတ်ဘဲ တံတားအစိတ်အပိုင်းတစ်နေရာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့် ပျက်ဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တန်ချိန်များသော ကားကြီးများဖြတ်သန်း၍ မရဘဲ အိမ်စီးကားအချို့သာ ဖြတ်သန်းသွားလာ၍ ရကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများကြောင့် ယခု ဒီဇင်ဘာလ (၁)ရက်နေ့တွင် လားရှိုးနှင့် သီပေါမြို့သို့ဆက်သွယ်ထားသော စဉ့်အင်တံတားမှာ ကျိုးကျပျက်ဆီးခဲ့သည်။

အဆိုပါ စဉ့်အင်တံတားသည် မန္တလေး မူဆယ် လမ်းမကြီးပေါ်ရှိ လားရှိုး-သီပေါ ဆက်သွယ်ထားသော လမ်းတစ်စိတ်တပိုင်းပေါ်တွင် တည်ရှိသည်။

အလားတူ နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ယင်းလမ်းမပေါ်ရှိ ကျောက်မဲ-သီပေါ ဆက်သွယ်ထားသော ကျင်သီတံတားမှာလည်း လက်နက်ကြီးထိမှန်မှုကြောင့် ကျိုးကျပျက်ဆီးခဲ့သေးသည်။

ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများကြောင့် ဒေသခြင်းဆက်သွယ်ထားသော တံတားများကျိုးကျပျက်ဆီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများဖြစ်ပေါ်နေသည့်အတွက် ကုန်ဈေးနှုန်းများကြီးမြင့်လာသည့်အပေါ် ဒေသခံများ၏ ဝေဖန်မှုမှာလည်းမြင့်တက်လာသည်။

ဒေသတွင်း တိုက်ပွဲများပြင်းထန်လာချိန်တွင် သီပေါမြို့ပေါ်ရှိ ဘိုးတော်ကျောင်း၊ စံဖိတ်၊ နားလွယ်၊ နောင်ကတ် ဘုန်းကြီးကျောင်းများနှင့် ရွှေမောင်းသီလရှင်ကျောင်းတို့တွင်လည်း စစ်ဘေးရှောင် (၁,၀၀၀ )ခန့် တိမ်းရှောင်မှုများလည်းရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here