ပင်လယ်နီတွင်း ဟူသီများ၏ လုပ်ရပ်ကြောင့် အီရန်နိုင်ငံတွင်းရှိ ဟူသီပစ်မှတ်များကို တိုက်ခိုက်ရန် အမေရိကန် အထက်လွှတ်တော်အမတ် တောင်းဆို

0
156

အီရန်နိုင်ငံ၏ ထောက်ခံမှုဖြင့်ရပ်တည်နေသော ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့၏ အီရန်နိုင်ငံတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် အမေရိကန်ပြည်ထောင်စု၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် လင်းဒ်ဆေး ဂရေဟမ်က အကြံပြုထားသည်။

“ဟူသီသူပုန်တွေကို အီရန်က လုံးဝ ကျောထောက်နောက်ခံ ပေးထားတယ်။ ဒါကို ကျွန်တော်ပြောနေတာ ခုဆိုရင် ခြောက်လလောက်တောင် ရှိနေပြီ။ အီရန်ထဲကို ဝင်တိုက်ဖို့ ပြောနေတာ။ သူတို့မှာ ရေနံမြေတွေ ရှိနေတယ်၊ကျွန်တော်တို့ ဂြိုဟ်တုတွေ အာကာသကနေ မြင်နိုင်တဲ့ အီရန်တော်လှန်ရေး အစောင့်တပ် ဌာနချုပ်ရှိတယ်။ ကမ္ဘာ့မြေပုံပေါ်ကနေ ဟူသီတွေကို ဖယ်ရှားပစ်ရမယ်” Fox News သတင်းဌာနနှင့် အင်တာဗျူးတွင် လင်းဒ်ဆေး ဂရေဟမ်က ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခများ ပြင်းထန်လာပြီးနောက် အစ္စရေးပိုင်နက်ကို တိုက်ခိုက်ကာ ပင်လယ်နီနှင့် Bab-el-Mandeb ရေလက်ကြားတို့ကို စစ်ဆင်ရေးမပြီးမချင်း အစ္စရေးနှင့် ဆက်နွယ်သော သင်္ဘောများ ဖြတ်သန်းသွားလာခြင်းမှ တားဆီးမည်ဖြစ်ကြောင်း ယီမင်ဟူသီလက်နက်ကိုင်များက ပြောကြားခဲ့သည်။ ထို့ကြောင့် အမေရိကန် အာဏာပိုင်များသည် ပင်လယ်နီအတွင်း လွတ်လပ်စွာ သွားလာခွင့်နှင့် သင်္ဘောများကို အကာအကွယ်ပေးနိုင်ရန် နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ ထူထောင်ကြောင်း ကြေငြာပြီး Operation Prosperity Guardian ကို ပြင်ဆင်ခြင်းဖြင့် ဟူသီတို့ကို တုံ့ပြန်ခဲ့သည်။ ဘာရိန်း၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ နော်ဝေး၊ ဆေရှဲလ်စ်၊ စပိန်နှင့် ဗြိတိန်တို့ အဆိုပါ စစ်ဆင်ရေးတွင် ပါဝင်လာမည်ဟု မျှော်လင့်ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here