တရုတ်နိုင်ငံမှ ဝယ်ယူမှုကြောင့် မြေပဲလုံးဆန် အရောင်းအဝယ်ကောင်းနေ

0
161

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံမှ အဝယ်လိုက်နေသည့်အတွက် မန္တလေးဈေးကွက်အတွင်း၌ မြေပဲလုံးဆန်များ အရောင်းအဝယ်ကောင်းနေကြောင်း မန္တလေးမြို့ရှိ ပွဲရုံလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

မန္တလေးဈေးကွက်အတွင်းသို့ နွားထိုးကြီး၊ ပုဂံ၊ ညောင်ဦး၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ချောက် စသည့် ဒေသအသီးသီးမှ မြေပဲလုံးဆန်များ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြေပဲလုံးဆန်များကို တရုတ်နိုင်ငံမှ ဝယ်လိုအားကြောင့် တစ်ပိဿာလျှင် ငွေကျပ် ၇၃ဝဝ၊ မြေပဲလုံးဆန် S-1 (အဖြူ) တစ်ပိဿာ ငွေကျပ် ၇၁ဝဝ ဈေးနှုန်းတို့ ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းနေကြောင်း သိရသည်။

“အခုရက်ပိုင်း နှစ်သစ်ကူး ကာလအချိန်မှာ တရုတ်ဝယ်လက်တွေက မြေပဲလုံးဆန်တွေကို ပြန်လည်ဝယ်ယူနေတာကြောင့် မန္တလေးဈေးကွက်အတွင်းမှာ အရောင်းအဝယ်တွေ ကောင်းနေတယ်။ အရင်က အရောင်းအဝယ်တွေ အေးနေတာပါ”ဟု စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

လက်ရှိ မန္တလေးဈေးကွက်အတွင်း မြေပဲလုံးဆန်အပြင် နယ်စုံဒေသမှ ဆောင်းမြေပဲများလည်း လှိုင်လှိုင်ဝင်ရောက်နေပြီး မြေပဲဆီဆန်များလည်း အရောင်းအဝယ်ကောင်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြေပဲသီးနှံကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အဓိက စိုက်ပျိုးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here