တရုတ် ကာကွယ်ရေးဝန်ကြီးအသစ်ခန့်အပ်

0
176

ပေကျင်း၊ဒီဇင်ဘာ ၂၉

တရုတ်နိုင်ငံ၌ လွန်ခဲ့သည့်လေးလခန့်ကစ၍ လူမြင်ကွင်းမှပျောက်ကွယ်သွားခဲ့ပြီး ရာထူးမှဖြုတ်ချခံရသည့် ကာကွယ်ရေးဝန်ကြီးနေရာကိုအစားထိုးရန်အတွက် မစ္စတာ Dong Jun အား ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ဒီဇင်ဘာ ၂၉ ရက်တွင်ခန့်အပ်ခဲ့ကြောင်းသိရသည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် တရုတ်နိုင်ငံအား ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာစေရန် တွန်းအားပေးကြိုးပမ်းနေစဉ် မစ္စတာ Dong Jun အား ကာကွယ်ရေးဝန်ကြီးအဖြစ် တရုတ်လွှတ်တော်အမတ်များကခန့်အပ်ခဲ့ခြင်းလည်းဖြစ်သည်။

တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး၏ အခန်းကဏ္ဍသည် မီဒီယာများအပါအဝင် အခြားသောလက်နက်ကိုင်တပ်ဖွဲ့များနှင့်ထိတွေ့ဆက်ဆံရာ၌ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ မျက်နှာစာအဖြစ်ရပ်တည်ရန်လည်းဖြစ်သည်။

၎င်းအလုပ်၏ အဓိကအရေးကြီးသည့်အစိတ်အပိုင်းမှာ ထိုင်ဝမ်နှင့်တောင်တရုတ်ပင်လယ်အရေး ပဋိပက္ခဖြစ်နိုင်ခြေကိုလျှော့ချရန် အမေရိကန်စစ်တပ်နှင့်ထိတွေ့ဆက်ဆံရန်လည်းဖြစ်ပြီး အသက် ၆၂ နှစ်ရှိပြီဖြစ်သော ကာကွယ်ရေးဝန်ကြီးသစ် မစ္စတာ Dong အတွက်အစိမ်းသက်သက်မဟုတ်သည့် တာဝန်နှစ်ရပ်လည်းဖြစ်သည်။

ထို့အပြင် ၎င်းသည် အငြင်းပွား နေသော တောင်တရုတ်ပင်လယ်အတွင်း၌လှုပ်ရှားနေသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအဖွဲ့၏ ဒုတိယ အကြီးအကဲအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်သည်။

၂၀၂၂ ခုနှစ်၊သြဂုတ်လက တရုတ်၏ကန့်ကွက်မှုကြားမှ ထိုင်ဝမ်သို့လာခဲ့သည့် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပေလိုစီ၏ခရီးစဉ်ပြီးကတည်းကဆိုင်းငံ့ထားခဲ့သော အကြီးတန်းစစ်ဘက်ဆိုင်ရာဆွေးနွေးပွဲများပြန်လည်စတင်ရန် ကန်သမ္မတဂျိုးဘိုင်ဒင်နှင့်သမ္မတရှီတို့ ပြီးခဲ့သည့်လက ဆန်ဖရန်စစ္စကို၌တွေ့ဆုံစဉ်သဘောတူခဲ့ကြသည်ဟုလည်းသိရသည်။

Source : ရိုက်တာ/အီးစီ/စီအမ်


LEAVE A REPLY

Please enter your comment!
Please enter your name here