ဗင်နီဇွဲလားနဲ့ နယ်စပ်အငြင်းပွားမှု ပြင်းထန်နေတဲ့ ဂိုင်ယာနာနိုင်ငံကို ဗြိတိသျှ စစ်သင်္ဘော ရောက်ရှိလာ

0
272

ဗင်နီဇွဲလားနဲ့ ဗြိတိသျှကိုလိုနီဟောင်းနိုင်ငံအကြား နယ်စပ်အငြင်းပွားမှုနဲ့ ပတ်သက်လို့ တင်းမာမှုတွေ ပြင်းထန်နေချိန်မှာ ဗြိတိသျှ စစ်သင်္ဘောတစ်စင်း ဒီဇင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းမှာ ဂိုင်ယာနာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

အိမ်နီးချင်းနိုင်ငံငယ်ရဲ့ ကျယ်ပြန့်တဲ့နယ်မြေအပိုင်းကို ၎င်းတို့ပိုင်အဖြစ် ဗင်နီဇွဲလားအစိုးရက ပြောဆိုကာ ဂိုင်ယာနာနဲ့ နယ်စပ်အနီး ကာရေဘီယံအရှေ့ပိုင်းဒေသမှာ စစ်ရေးလေ့ကျင့်မှုတွေလုပ်နေခဲ့အပြီး တစ်ရက်အကြာမှာ ဗြိတိသျှစစ်သင်္ဘော HMS Trent ရဲ့ ခရီးစဉ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကလည်း ထုတ်ဖော်ပြောဆိုကာ တောင်အမေရိကနှစ်နိုင်ငံအနေနဲ့ ဆွေးနွေးမှုတွေပြန်လုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် အခြားနိုင်ငံတွေအနေနဲ့ တစ်ဖက်ဖက်ကို ထောက်ခံကြောင်းပြသတဲ့ စစ်ရေးလှုပ်ရှားမှုမျိုးတွေကို ရှောင်ရှားသင့်တယ်လို့လည်း ဆိုခဲ့ပါတယ်။

နယ်စပ်အငြင်းပွားမှုကို အကြမ်းမဖက်သောနည်းနဲ့ ဖြေရှင်းကြမယ်လို့ နှစ်နိုင်ငံခေါင်းဆောင်တွေ ယခုလအစောပိုင်းမှာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့ Argyle ကြေညာစာတမ်းအတိုင်း လိုက်နာကြဖို့ ဂိုင်ယာနာနဲ့ ဗင်နီဇွဲလားတို့ကို ဘရာဇီးက တောင်းဆိုခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်အရွယ်အစားလောက်ရှိကာ ရေနံနဲ့ ဓါတ်သတ္ထုပေါကြွယ်ဝတဲ့ လူနေကျဲပါးသော Essequibo နယ်မြေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ အငြင်းပွားမှုဖြစ်နေခဲ့တာပါ။ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့ နယ်နိမိတ်သတ်မှတ်ခဲ့ချိန်က ဒီနယ်မြေနဲ့ပတ်သက်လို့ လှည့်ဖြားခဲ့တယ်ဆိုကာ ဗင်နီဇွဲလားက ကာလကြာရှည် အရေးဆိုနေခဲ့တာဖြစ်ပါတယ်။

ဒေသတွင်း ထိတွေ့ဆက်ဆံမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စစ်သင်္ဘော ဂိုင်ယာနာကို ရောက်ရှိနေတာဖြစ်ပြီး ဂိုင်ယာနာစစ်တပ်နဲ့ လေ့ကျင့်မှုအစီအစဉ်တွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုခဲ့ပါတယ်။

Ref:AP


LEAVE A REPLY

Please enter your comment!
Please enter your name here