ဘုရင့်နောင် တံတားအောက်၌ ခေတ်မီပန်းခြံအသစ် တည်ဆောက်လျက်ရှိ

0
299

လှိုင်မြစ်ကူး၊ ဘုရင့်နောင်အမှတ် (၂) တံတားအောက်နှင့် အမှတ်(၁) တံတားဘေး တံတားနှစ်စင်းကြား မြေကွက်လပ်တွင် ခေတ်နှင့်လျော်ညီသော အများပြည်သူအနားယူအပန်းဖြေနိုင်မည့် ပန်းခြံနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်း ကိရိယာများ ပါဝင်သော ခေတ်မီပန်းခြံအဖြစ် ပေါ်ထွက်လာနိုင်စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘုရင့်နောင်အမှတ် (၂) တံတားအောက် မြေနေရာပတ်ဝန်းကျင်တွင် ယခင်က ကျူးကျော်တဲများကြောင့် မြို့ပြအလှနှင့် တံတားနှစ်စင်း၏ ကျက်သရေကိုလည်း ထိခိုက်မှုရှိခဲ့သော်လည်း ယခုအခါ အများပြည်သူနှင့် ခရီးသွားပြည်သူများ အနားယူအပန်းဖြေနိုင်ရန် တည်ဆောက်ရေးလုပ်ငန်းများကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ပန်းခြံအနီး လှိုင်မြစ်နံဘေးတွင် လေကောင်းလေသန့်ရှူရှိုက်နိုင်ရန်နှင့် နံနက်ခင်း နေထွက်ချိန်နှင့် ညနေနေဝင်ချိန်တို့ကို ပြည်သူများ လွတ်လပ်စွာခံစားနိုင်ရန် ဆက်လက်တည်ဆောက်သွားမည့် အစီအစဉ်များရှိကြောင်း သိရသည်။

ဆက်လက်၍ လှိုင်သာယာအရှေ့ပိုင်း(၇)ရပ်ကွက် ရန်ကုန်-ပုသိမ် လမ်းနှင့် ညောင်တုန်းလမ်းဆုံရှိ
ဘုရင့်နောင်ပန်းခြံအား အဆင့်မြှင့်တင် တိုးချဲ့တည်ဆောက်မှုနှင့်စပ်လျဉ်း၍ လက်ရှိတွင် ပန်းခြံအကျယ်အဝန်းမှာ ဧရိယာ ၃ ဒသမ ၁၂ ဧကရှိပြီး ပန်းခြံနှင့် ဆက်စပ်တည်ရှိနေသော ကုက္ကိုဝရေပေးဝေရေး စီမံကိန်းဇုန်အမှတ်(၉) မြေနေရာဧရိယာ ၁၀ ဒသမ ၈၈ ဧကအတွင်းသို့ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေနေရာတွင် မြေပြုပြင်ခြင်း၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို လူအား၊ စက်ယန္တရားအင်အားများဖြင့် အသုံးပြုကြိုးပမ်းနေကြပြီး ဘုရင့်နောင်ပန်းခြံအရှေ့နှင့် ဘေးဘယ်ညာတို့တွင်ရှိသော ရေစုရေမြောင်းရှည်ကြီးကိုလည်း နွေ၊ မိုး၊ ဆောင်း သုံးရာသီအထိ သုံးစွဲနိုင်သော အုတ်ရေမြောင်းများ တည်ဆောက်ပြီး ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လှိုင်သာယာအရှေ့ပိုင်း (၄) ရပ်ကွက် ဘုရင့်နောင်တံတားအောက်ရှိ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနက ပန်းခြံတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ယိုးဒယားဘဲစားမြက်ခင်းနှင့် ခရေပင်များစိုက်ပျိုးနေပြီး ပန်းခြံပတ်လမ်းများကို Interlock လမ်းခင်းကျင်းနေကာ ပန်းခြံဘေးဆိပ်ကမ်းသာလမ်းရှိ လှိုင်မြစ်အတွင်းသို့ စီးဝင်သည့် ညောင်ချောင်းရေတံခါးနှင့် ရှမ်းချောင်းရေတံခါးတို့ကိုလည်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နိုင်ရန်အတွက် တံတားအောက်မြေလွတ်နေရာများတွင် အားကစားကွင်းများ တည်ဆောက်ပြီး ပန်းခြံမြေယာရှုခင်းအလှ ပေါ်လွင်စေရေးအတွက် တံတားတိုင်ဆေးသုတ်ခြင်း၊ မီးတိုင်များ စိုက်ထူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here