အိန္ဒိယသို့ မြန်မာ့ထောပတ်သီး ပို့ဆောင်မှု စရိတ်သက်သာသော နည်းလမ်းဖြင့် တင်ပို့နိုင်ရေး ကြိုးပမ်းနေ

0
176

အိန္ဒိယနိုင်ငံ ထောပတ်သီးကုမ္ပဏီတစ်ခုမှ မြန်မာ့ထောပတ်သီးကို ဝယ်ယူရန် ကမ်းလှမ်းထားပြီး သယ်ယူပို့ဆောင်စရိတ်သက်သာစေမည့် ရေလမ်းခရီးမှ တင်ပို့နိုင်မှုဖြင့် ထုတ်ကုန်တိုးမြှင့်တင်ပို့နိုင်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများ ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု (၇၅)နှစ် မြောက်အထိမ်းအမှတ်အား အိန္ဒိယနိုင်ငံ မြန်မာသံရုံး၌ ဒီဇင်ဘာ ၂၂/၂၃ ရက်က ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှထွက်ရှိသည့် ပဲမျိုးစုံနှင့် ထောပတ်သီးတို့ကို ထိုနေ့တွင် မိတ်ဆက်ပြသခဲ့ပြီး အရည်အသွေးကောင်းမွန်သော ဟပ်စ် (Hass) အမျိုးအစား ထောပတ်သီးကို နှစ်ခြိုက်ကြ၍ဈေးကွက်ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပို့ကုန်ကဏ္ဍတွင် လေကြောင်းထက်သယ်ယူပို့ဆောင်မှုစရိတ်သက်သာစေသည့် ရေလမ်းကြောင်းမှ ပို့ဆောင်မှုနှင့်အတူ တောင်ကြီးတွင် အအေးခန်းစက်ရုံများ တည်ဆောက်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးနှင့် ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ ပူးပေါ င်းဆောင်ရွက်နေကြောင်း သိရသည်။

ကမ္ဘာ့ဈေးကွက်တွင် ထောပတ်သီး တစ်ကီလိုလျှင် ကန်ဒေါ်လာ ၅ ဒေါ်လာအထိ အမြင့်ဆုံးရရှိလျက်ရှိပြီး မြန်မာ့ထောပတ်သီးကို ပြည်ပသို့ လေကြောင်းဖြင့် ပို့ဆောင်စရိတ်မှာ တစ်ကီလိုလျှင် ၃ ဒေါ်လာရှိသည့်အတွက် ရေကြောင်းဖြင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်တွင် ကိုင်းဆက်စိုက်ပျိုးထုတ်လုပ်မှုမှ ပြည်ပ ဈေးကွက်ဝင် ထောပတ်သီးတန်ချိန် ၁၅၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၂၅၀၀ ခန့် တင်ပို့နိုင်ရန် ထောပတ်စိုက်ပျိုးထုတ်လုပ်သူများက ခန့်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဒေသထွက်ထောပတ်သီးနှင့် ကိုင်းဆက်အသီးဟူ၍ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသတို့၌ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှ အများဆုံး ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဒေသထွက် ထောပတ်သီးတန်ချိန် ၄၀၀၀ မှ ၅၀၀၀ အထိ ထွက်ရှိလျက်ရှိကာ ပြည်ပဈေးကွက်ဝင် ကိုင်းဆက်ထောပတ်သီးတန်ချိန် ၁၅၀၀ မှ ၂၅၀၀ အထိ ထွက်ရှိလျက်ရှိကြောင်း သိရသည်။

ပြည်ပမှ မျိုးယူစိုက်ပျိုးခဲ့သည့် ကနဦး ကိုင်းဆက်ထောပတ်ပင်များ အသီးများ ထွက်ပေါ်ခဲ့၍ ယခုနှစ်တွင် ထွက်နှုန်းကောင်းသော်လည်း ရာသီဥတုပြောင်းလဲမှုနှင့် သွင်းအားစုစရိတ်ကြီးမြင့်မှုတို့ကြောင့် ပယ်သီးများခဲ့ရာ ပြည်တွင်းဈေးကွက်သို့ ယခုနှစ်ကုန်ပိုင်းတွင် ပိုမိုဝင်ရောက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here