(၅၈) ကြိမ်မြောက် အောင်ဘာလေ ထီရောင်းရငွေ ၅ ဒသမ ၅၂ ဘီလီယံကျော်ရရှိထား

0
357

ဇန်နဝါရီလ (၁) ရက်တွင် ဖွင့်လှစ်မည့် (၅၈) ကြိမ်မြောက်အောင်ဘာလေ ထီရောင်းရငွေမှ ၅ ဒသမ ၅၂ ဘီလီယံကျော် ရရှိထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ထုတ်ပြန်ထားသည်။

၅၈ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေသိန်းဆု ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ဈ” အက္ခရာအထိ ထီစာအုပ်အရေအတွက် ၅၅၂၂၇၆ အုပ်ရောင်းချနိုင်ခဲ့ပြီး ယခုလအတွက် ထီလက်မှတ် ရောင်းရငွေ ၅ ဒသမ ၅၂ ဘီလီယံကျော်ရရှိထားပြီး ပြီးခဲ့သည့်လတွင် ၅ ဒသမ ၆၈ ဘီလီယံကျော်ရရှိထားခြင်း ဖြစ်သည်။

၅၈ ကြိမ်မြောက် အောင်ဘာလေဆုများအနေဖြင့် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာ လေးဆု၊ ကျပ်သိန်းနှစ်ရာ ငါးဆု၊ ကျပ်သိန်းတစ်ရာ ကိုးဆု၊ ကျပ်သိန်းငါးဆယ် ၁၂ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၆ ဆု၊ ကျပ်ဆယ်သိန်း ၁၄ ဆုများအပြင် ဝေဝေဆာဆာပဒေသာဆုအနေဖြင့် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၅,၀၀၀ ဆု၊ ကျပ်ငါးသောင်း ၂၀,၀၀၀ ဆု၊ ကျပ်တစ်သောင်း ၁၀၀ ,၀၀၀ ဆု ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဘဏ္ဍာသိမ်းရငွေ ကျပ် ၂၄၂ ဒသမ ၅၃၀ သန်း မှ ကျပ်ဆယ်သိန်း ငါးဆု၊ ကျပ်သုံးသိန်း ၁၀ ဆု၊ ကျပ်နှစ်သိန်း ၄၀၀ ဆု၊ ကျပ်တစ်သိန်း ၁၀၀၀ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here