New Year ပွဲတော်သို့ လာရောက်မည့် ပြည်သူများအတွက် YBS ယာဥ်များ ပြေးဆွဲပေးမည်

0
225

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ယနေ့ညပိုင်း ကျင်းပမည့် နှစ်သစ်ကူးပွဲတော် (New Year Festival) သို့ လာရောက်ဆင်နွှဲကြသူများ အပြန်ခရီးစဥ်အတွက် YBS ယာဉ်လိုင်းများ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) မှ သိရသည်။

ပြည်သူ့ရင်ပြင်၌ နှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာ (၃၁) ရက် ညနေ (၆) နာရီကနေ နောက်တစ်ရက် နံနက် (၁၂) နာရီခွဲအထိ ကျင်းပသွားမည်ဖြစ်ပြီး စတိတ်ရှိုးဖျော်ဖြေရေး အစီအစဉ်များပါဝင်ကာ Count Down ပြုလုပ်ပြီး မီးရှူးမီးပန်းများ ဖောက်ပြီး နှစ်သစ်ကို ကြိုဆိုကြမည်ဖြစ်ကြောင်း သိရသည်။

“ပွဲတော်ကို လာရောက်ဆင်နွှဲကြမယ့် ပြည်သူတွေ အပြန်ခရီးအဆင်ပြေဖို့အတွက် YBS လိုင်းတွေကို နံနက် (၁၂) နာရီခွဲ၊ (၁) နာရီလောက်မှာ ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်”ဟု YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။

ထိုသို့ ပြေးဆွဲပေးရာတွင် YBS(၂၁) ယာဉ်လိုင်းမှ ပြည်သူ့ရင်ပြင် – အင်းစိန် – ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (ထန်းတပင်) လမ်းကြောင်း၊ YBS (၆၁)ယာဉ်လိုင်းက ပြည်သူ့ရင်ပြင် – ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်(လှိုင်သာယာ) လမ်းကြောင်းအတိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် YBS (၃၇) ယာဉ်လိုင်းက ပြည်သူ့ရင်ပြင် – ပြည်လမ်း – (၈)မိုင် – ထောက်ကြန့် – မင်္ဂလာဒုံ လမ်းကြောင်း၊ YBS (၁၁၅) ယာဉ်လိုင်းမှ  ဆူးလေ – ပြည်သူ့ရင်ပြင် – မြောက်ဥက္ကလာ – ထောက်ကြန့် – မင်္ဂလာဒုံလမ်းကြောင်း ပြေးဆွဲသွားမည်ဖြစ်သည်။

YBS(၆၂)ယာဉ်လိုင်းက ပြည်သူ့ရင်ပြင်-မြေနီကုန်း-လေးထောင့်ကန်လမ်း- စံပြဈေး-ဒဂုံတက္ကသိုလ်၊ YBS(၇)ယာဉ်လိုင်းက ပြည်သူ့ရင်ပြင်-တာမွေ-အမှတ်(၂)လမ်း (တောင်ဒဂုံ) လမ်းကြောင်း၊ YBS(၈)ယာဉ် လိုင်းက ပြည်သူ့ရင်ပြင် – သာကေတ-ယုဇန ဥယျာဉ်မြို့တော်(ဒဂုံဆိပ်ကမ်း) လမ်းကြောင်းအတိုင်း ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ (၄) ရက်တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲသို့ လာရောက်ကြမည့် ပြည်သူများ အပြန်ခရီးအဆင်ပြေစေရန်လည်း အဆိုပါယာဉ်လိုင်းများကို ဆက်လက်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here