၂၀၂၄ ခုနှစ် မတ်လတွင် ကိုရီးယားသို့ ရာသီချိန်လုပ်သား စေလွှတ်နိုင်ရန် အေဂျင်စီများ မျှော်လင့်နေ

0
322

တောင်ကိုရီးယား သမ္မတနိုင်ငံသို့ လာမည့် ၂၀၂၄ ခုနှစ် မတ်လတွင် ရာသီချိန်လုပ်သား စေလွှတ်မှု စတင်ဆောင်ရွက်နိုင်ရန် ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီများမှ မျှော်လင့်နေကြောင်း သိရသည်။

ရာသီချိန်လုပ်သား စေလွှတ်ခြင်းလုပ်ငန်းစဉ်အရ ကိုရီးယားသမ္မတနိုင်ငံ တရားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပထမဦးစွာ ကိုရီးယားနိုင်ငံ ဒေသန္တရအစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို့ နားလည်မှုစာချွန်လွှာ လက်မှတ် (MoU) ရေးထိုးရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် ကိုရီးယားနိုင်ငံရှိ သက်ဆိုင်ရာပြည်နယ်များ၊ မြို့တော်များမှ မြို့တော်ဝန်များ၊ အုပ်ချုပ်ရေးမှူးများနှင့် မြန်မာနိုင်ငံမှ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ အလုပ်သမားရေးရာဝန်ကြီးနှင့် လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်ထားသကဲ့သို့ အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန လက်အောက်ရှိ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများနှင့် လက်မှတ်ရေးထိုးနိုင်ရန်လည်း ဆောင်ရွက်ထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ရာသီချိန် လုပ်သားအလုပ်အကိုင်သည် ရှစ်လလုပ် လေးလနားစနစ်ဖြင့် ကာလတို လုပ်ကိုင်ရခြင်းဖြစ်ကာ လုပ်အားခအနေဖြင့် သိန်း ၂၀၀ ဝန်းကျင်ခန့် ရရှိသည်ဟု သိရသည်။

“လုပ်အားခအနေနဲ့ ကြည့်မယ်ဆိုရင် ဒေသတွင်းနိုင်ငံတွေထက် လစာပိုမိုရရှိတာ ဖြစ်တဲ့အပြင် ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ လူမှုအဆင့်အဆန်း ပိုမိုမြင့်တက်လာစေမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ လုပ်သားတွေရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး စေလွှတ်လိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကိုရီးယားသမ္မတနိုင်ငံကို ရာသီချိန် စိုက်ပျိုးရေးလုပ်သားများ ခေါ်ယူနိုင်ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံမှာ ရှိတဲ့ ပြည်နယ်၊ ခရိုင်နဲ့ မြို့တော်များမှ အစိုးရအဖွဲ့များက မြန်မာနိုင်ငံနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး၍ ဆောင်ရွက်လိုကြောင်းကို ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနသို့ လာရောက်တင်ပြမှုများ ရှိပါတယ်” ဟု အလုပ်သမားဝန်ကြီး ဌာ နမှ တာဝန်ရှိသူက ပြောကြားထားသည်။

မြန်မာနိုင်ငံမှ လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည့်အပြင် ကိုရီးယားနိုင်ငံမှ စိုက်ပျိုးရေးနည်းပညာများကို လေ့လာရန် အခွင့်အလမ်းရနိုင်မည်ဖြစ်ကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF) မှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ရာသီချိန်လုပ်သား စေလွှတ်ရာတွင် နိုင်ငံ့ပုံရိပ်ထိခိုက်မှုရှိစေမည့် လုပ်သားများ ထွက်ပြေးခြင်း၊ တရားမဝင်နေထိုင်ခြင်း၊ ပြန်ပို့ခံရခြင်းများ မရှိစေရေး ကြီး ကြပ်ဆောင်ရွက်သွားရန်အတွက် သက်ဆိုင်ရာရာ အေဂျင်စီများကို လမ်းညွှန်ထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here