မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်နေ့ အခမ်းအနား ပြုလုပ်မည်

0
324

(၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်း၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁၀) ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျ၏ ပြောပြချက်အရ သိရသည်။

ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ရိုးရာအစဉ်အလာမပျက် မနောကပွဲကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည့်အပြင် ကချင်ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများဖြစ်သည့် တိုင်းလေ(တိုင်းနေ)၊ တိုင်းလိုင်(ရှမ်းနီ)၊ တိုင်းခမ်းတီ(ခန္တီးရှမ်း)၊ တိုင်းလုံ (ရှမ်းကြီး)နှင့် တိုင်းဆာ (မိုင်းသာရှမ်း) စသည့် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာကပြဖျော်ဖြေမှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ချင်းတိုင်းရင်းသား၊ ပလောင် တိုင်းရင်းသား၊ နာဂတိုင်းရင်းသားတို့၏ ရိုးရာအကများဖြင့်လည်းဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ပြီး ကချင်တိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် ဂျိန်ဖော့၊ အဇီး(ဇိုင်ဝါး)၊ လရှီး(လာချန်)၊ လီဆူ၊ ရဝမ်နှင့် မရူ (လော်ဝေါ်) မျိုးနွယ်စုများ၏ စုပေါင်းကပြမှုများဖြင့် ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်အနေနဲ့ မနောပွဲကို နှစ်စဉ် အစဉ်အလာမပျက် ဇန်နဝါရီ ၁ဝ ရက်မှာ ကျင်းပနေပါတယ်။ ကိုဗစ်ကာလမှာလဲ ပွဲတော်ကျင်းပတာကို မရပ်နားဘဲနဲ့ နှစ်တိုင်း ကျင်းပနေပါတယ်။ ၂၀၂၄ ခုနှစ်မှာလဲ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်းက ကချင်တိုင်း ရင်းသားမျိုးနွယ်စုပေါင်းစုံ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ မနောပွဲတော်အတွက် မနောကွင်းကိုလဲ အစိုးရအဖွဲ့ရုံးဝင်းအတွင်းမှာ တည်ဆောက်နေပါတယ်”ဟု ဦးကျော်ဇေယျက ပြောပြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here