၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်ဆိပ်ကမ်းသို့ နိုင်ငံတကာကုန်တင် သင်္ဘော အစင်းရေ ၆၀၀ ကျော် ဆိုက်ကပ်ခဲ့

0
263

ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း နိုင်ငံတကာ ကုန်တင်သင်္ဘော အစင်းရေ (၆၀၀) ကျော် ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ၂ဝ၂၃ ခုနှစ်အတွင်း လအလိုက် နိုင်ငံတကာ ကုန်တင်သင်္ဘော ဆိုက်ကပ်ကုန်သွယ်မှု အနေဖြင့် ဇန်နဝါရီလက (၅၂) စင်း၊ ဖေဖော်ဝါရီလက (၅၁) စင်း၊ မတ်လက (၅၅) စင်း၊ ဧပြီလက အစင်းရေ (၅ဝ)၊ မေလက (၅၆) စင်း၊ ဇွန်လက (၅၇) စင်း၊ ဇူလိုင်လက (၅၃) စင်း၊ ဩဂုတ်လက (၅၄) စင်း၊ စက်တင်ဘာလက (၅၃) စင်း၊ အောက်တိုဘာလက (၄၉) စင်း၊ နိုဝင်ဘာလက အစင်းရေ (၅ဝ) စင်း နှင့် ဒီဇင်ဘာလတွင် (၄၉)စင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ နိုင်ငံတကာသင်္ဘောလိုင်းများ Sealand Maersk Asia သင်္ဘောလိုင်း၊ SITC သင်္ဘောလိုင်း၊ MSC သင်္ဘောလိုင်း၊ Samudera သင်္ဘောလိုင်း၊ Ever Green သင်္ဘောလိုင်း၊ P.I.L သင်္ဘောလိုင်း၊ BLPL သင်္ဘောလိုင်း၊ RCL သင်္ဘောလိုင်း၊ Land and Sea သင်္ဘောလိုင်း၊ CMA-CGM သင်္ဘောလိုင်း၊ COSCO သင်္ဘောလိုင်း၊ I.A.L သင်္ဘောလိုင်း၊ ONE သင်္ဘောလိုင်း၊ Ti2 Container သင်္ဘောလိုင်းနှင့် BAY သင်္ဘောလိုင်းတို့ ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်ခဲ့ခြင်းဖြစ်သည်။

ကုန်သွယ်မှုများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ အလျားမီတာ ၂၀၀၊ တန်ချိန် ၃ဝဝဝ ရှိသည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်သင်္ဘောဆိုက်ကပ်နိုင်သော ဆိပ်ခံတံတား (၂၇) စင်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သီလဝါ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှလည်း အလျားမီတာ ၂၅ဝ၊ တန်ချိန် ၃၅ဝဝ ရှိ သည့် အပြည်ပြည်ဆိုင်ရာကုန်တင်သင်္ဘော ဆိုက်ကပ်နိုင်သော ဆိပ်ခံတံတား (၁၉) စင်း ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် နိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်ကဏ္ဍလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အဓိကကျသည့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တစ်နှစ်ထက်တစ်နှစ် ကုန်သွယ်မှုပိုမိုတိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here