ထိုင်ဝမ် သမ္မတအဖြစ် တစ်ပြေးနေသူကို ငြိမ်းချမ်းရေးဖျက်ဆီးသူအဖြစ် တရုတ်က သမုတ် 

0
238

သမ္မတလောင်း စကားစစ်ထိုးပွဲမှာ ပြောဆိုခဲ့မှုတွေ၊ ကျွန်းဒေသရဲ့ အချုပ်အချာနဲ့ လွတ်လပ်ရေးကို ပြည်သူတွေကသာ ပိုင်ဆိုင်တယ်လို့ ပြောဆိုခဲ့မှုတွေအပြီး ထိုင်ဝမ်ရဲ့ နောက် သမ္မတနေရာအတွက် တစ်ပြေးနေခဲ့သူကို ထိပ်တိုက်ရင်ဆိုင်ရေးသမား၊ ငြိမ်းချမ်းရေး ဖျက်ဆီးသူအဖြစ် တရုတ်အစိုးရက သုံးနှုန်းပြောဆိုလိုက်ပါတယ်။

ဇန်နဝါရီ ၁၃ ရက် သမ္မတ နဲ့ လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ့် အချိန်ကာလမှာ ပေကျင်းနဲ့ တိုင်ပေအကြား ဆက်ဆံရေး ပျက်ယွင်းလာနေခဲ့ပါတယ်။ တရုတ်ဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့ ထိုင်ဝမ်အပေါ် သူ့ရဲ့ အချုပ်အချာပိုင်ဖြစ်မှုဆိုတာကို သေချာစေရေး စစ်ရေးဖိအားပေးမှု အရှိန်မြှင့်လုပ်ဆောင်ပါတယ်။

လူထုသဘောထားစစ်တမ်းတွေအရ ထိပ်ကဦးဆောင်နေတဲ့ ထိုင်ဝမ် အာဏာရပါတီ DPP မှ သမ္မတလောင်းဖြစ်သလို လက်ရှိ ဒုတိယ သမ္မတလည်းဖြစ်တဲ့ လိုင်ချင်းတေကို အန္တရာယ်ရှိသော ခွဲထွက်ရေးသမားလို့ တရုတ်က ပြောဆိုပါတယ်။

ဒီဇင်ဘာ ၂၉ ရက်က သမ္မတလောင်း တိုက်ရိုက်ရုပ်သံစကားစစ်ထိုးပွဲတစ်ခုမှာ မစ္စတာ လိုင် ပြောဆိုခဲ့တာတွေအပေါ် တရုတ်ရဲ့ ထိုင်ဝမ်ရေးရာရုံးက ဒီဇင်ဘာ ၃၀ ရက်အနှောင်းပိုင်းက တုန့်ပြန်ခဲ့ရာမှာ မစ္စတာ လိုင်ဟာ ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခေါင်းမာသော အလုပ်သမားတစ်ဦးအဖြစ် သူ့ရဲ့ မျက်နှာအမှန်ကို ထုတ်ပြသွားကြောင်းနဲ့ ထိုင်ဝမ်ရေလက်ကြားဖြတ်ကျော် ငြိမ်းချမ်းရေးဖျက်ဆီးသူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

“သူ့စကားတွေက ထိပ်တိုက်ရင်ဆိုင်မှုဆိုင်ရာ အယူအဆတွေ ပြည့်နေပါတယ်” လို့ ထိုင်ဝမ်ရေးရာရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ချန်ပင်းဟွာက ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

၂၀၁၆ ခုနှစ် သမ္မတ ဆိုင်အင်းဝမ် တက်လာကတည်းက DPP ဦးဆောင်တဲ့ အစိုးရဟာ ခွဲထွက်ရေးဝါဒကို မြှင့်တင်ခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားတလျှောက် အပြန်အလှန်ဖလှယ်မှုတွေကို ဟန့်တားရာမှာ ရာဇဝတ်မှုမြောက်သူဖြစ်ကာ ထိုင်ဝမ်လူထုရဲ့ အကျိုးစီးပွားကို ထိခိုက်စေခဲ့တယ်လို့ မစ္စတာ ချန်က ပြောဆိုပါတယ်။

DPP အာဏာပိုင်တွေရဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်၊ လက်ရှိ DPP ဥက္ကဋ္ဌ လိုင်ချင်းတေအနေနဲ့ ဒီကိစ္စအတွက် သူ့ရဲ့ တာဝန်ရှိမှုကို ရှောင်လွှဲလို့ မရနိုင်ဘူးလို့လည်း သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။

မစ္စဆိုင်နဲ့ မစ္စတာ လိုင်ချင်းတေတို့ဟာ တရုတ်နိုင်ငံနဲ့ ဆွေးနွေးပြောဆိုဖို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

မစ္စတာလိုင်ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ထိုင်ဝမ်ရဲ့ အကြီးဆုံးအတိုက်အခံ ကူမင်တန်(KMT) ပါတီမှ မစ္စတာ Hou Yu-ih လို ထိုင်ဝမ်ပြည်သူတွေကသာ သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ DPP ပါတီက ပြောဆိုခဲ့ပါတယ်။

KMT ဟာ အစဉ်အလာအရ တရုတ်နဲ့ ဆက်ဆံရေးနီးကပ်မှုကို နှစ်သက်ပေမယ့် ပေကျင်းလိုလားသူဖြစ်တယ်ဆိုတာကိုတော့ အပြင်းအထန် ငြင်းဆိုထားပါတယ်။ မစ္စတာ Hou ကလည်း မစ္စတာ လိုင်ဟာ လွတ်လပ်ရေး ထောက်ခံသူတစ်ဦးဖြစ်တယ်လို့ ပုတ်ခတ်ပြောဆိုထားခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here