မကောင်းသောအမြင် ၊ မကောင်းသော လုပ်ရပ်များကို နှစ်ဟောင်းတွင် ချန်ခဲ့ကာ နိုင်ငံတော်သစ်ဆီ ဆက်လက်ချီတက်ကြရန် နစက ဥက္ကဋ္ဌ တိုက်တွန်း ပြောကြား

0
230

ကုန်လွန်ခဲ့သည့် နှစ်ဟောင်းထဲမှ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို ဆက်လက် သယ်ဆောင်ကြပြီး မကောင်းသောအတွေး မကောင်းသော အမြင်များနဲ့ မကောင်းသော လုပ်ရပ်များကို ချန်ရစ်ခဲ့ကာ အားလုံးမျှော်လင့်နေသည့် နိုင်ငံတော်သစ်ဆီသို့ ချီတက်ကြရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်သည်။

၂၀၂၄ ခုနှစ်အတွက် ပြောကြားသည့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် နစက ဥက္ကဋ္ဌ က ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် နှစ်သစ်တွင် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြရန်လည်း ၄င်းက ဆုမွန်ကောင်းတောင်းထားသည်။

၂၀၂၄ ခုနှစ်တွင် နစက အစိုးရအနေဖြင့် အမျိုးသားရေး ရည်မှန်းချက်များ၊ နိုင်ငံရေး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနဲ့ ဦးတည်ချက်များကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရန် ပြည်သူလူထုနှင့်လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ဆိုသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်အတွင်း၌ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး သန်းခေါင်စာရင်းမှရရှိ လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များသည် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များမှာ အကျိုးရှိရှိ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

အဆိုပါ သန်းခေါင်စာရင်း ကောက်ယူခြင်းမှ ရရှိသည့်အချက်အလက်များသည် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ဖြစ်ပေါ်စေရေးအတွက် အခြေခံဖြစ်သည့် မဲစာရင်းများမှန်ကန် ပြည့်စုံရေးတွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည့်အတွက်သန်းခေါင် စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ပေးကြရန်လည်း ပြောကြားထားသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် MSME လုပ်ငန်းများ ယခုထက် ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပညာရေးကိုလည်း ပိုမိုအားပေးဆောင်ရွက်သွားမည်ဖြစ်သည့် အတွက် တိုင်းရင်းသား ပြည်သူအားလုံးအနေဖြင့် တည်ငြိမ်အေးချမ်းပြီး မိမိတို့ရဲ့ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လည်း တိုက်တွန်း ပြောကြားထားသည်။

၂၀၂၃ ခုနှစ်ကာလအတွင်း နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် နိုင်ငံပိုင်၊ ပြည်သူပြည်သားများ၏ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ပြီး အဆိုပါဖြစ်စဉ်များသည် တိုင်းပြည်အတွက် အနုတ် လက္ခဏာ ဖြစ်‌ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

ထို့အပြင် နိုင်ငံသူ နိုင်ငံသားများအနေဖြင့် တရားဥပဒေကို လေးစားလိုက်နာကာ စည်းစည်းလုံးလုံး နေထိုင်ကြရန်၊ လူငယ်များအား ပညာသင်ကြားသင့်သည့် အရွယ်၌ ပညာသင်ကြားနိုင်ရေး သက်ဆိုင်သူအားလုံးမှ ဝိုင်းဝန်းကြိုးပမ်းပေးရန်၊ လူမျိုးရေး၊ ဘာသာရေး၊ ဒေသအရေးများကို အစွဲကင်းစွာဖြင့် တစ်ဦးအပေါ်တစ်ဦး ကိုယ်ချင်းစာ တရား၊ မုဒိတာတရား၊ မေတ္တာတရားများဖြင့် အားလုံးမျှော်လင့်တောင့်တနေသည့် နိုင်ငံတော်သစ်ဆီ ဆက်လက် လျှောက်လှမ်းကြရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here