သားလေးလိုချင်လို့ တရုတ်များက ထိုင်းအမျိုးသမီးတွေကို လက်ထပ်ဟု ဆို

0
216

တရုတ်အမျိုးသားတွေဟာ ထိုင်းအမျိုးသမီးတွေကို လက်ထပ်ယူကာ တရားမဝင် အငှားကိုယ်ဝန်ဆောင်စေမှုဖြစ်စဉ်အသစ် ဖြစ်နိုင်ခြေကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

သူမမှာ သားယောက်ျားလေးမဟုတ်ဘဲ မိန်းကလေးကိုယ်ဝန်ရထားကြောင်း သိခဲ့ချိန်မှာ စေ့စပ်ထားတဲ့ တရုတ်အမျိုးသားက သူမကို စွန့်ပစ်သွားခဲ့တယ်လို့ ထိုင်းအမျိုးသမီးတစ်ဦးက တိုင်တန်းလာတာကြောင့် ယင်းကိစ္စ စုံစမ်းစစ်ဆေးဖို့ဖြစ်လာခဲ့တာပါ။

အငှားကိုယ်ဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို ကျော်လွန်ပြီး တရားမဝင် အငှားကိုယ်ဝန်ဆောင်စေမှုပုံစံအသစ်မှာ ပါဝင်ပတ်သက်နိုင်ခြေရှိတဲ့ တရုတ်ခရီးသွားတွေကို စစ်ဆေးဖော်ထုတ်ဖို့ သူ အမိန့်ပေးခဲ့ကြောင်း ထိုင်းနိုင်ငံ ဒုတိယရဲချုပ် ဆူရာချတ် ဟက်ပန်က တနင်္လာနေ့မှာ ပြောဆိုထားပါတယ်။

ဗိုက်ထဲက သန္ဓေသားဟာ သူလိုချင်တဲ့ သားယောက်ျားလေးမဟုတ်ဘဲ မိန်းကလေးဖြစ်တယ်လို့ သိရှိသွားချိန်မှာ စေ့စပ်ထားတဲ့ တရုတ်အမျိုးသားက သူ့ကို ထားသွားခဲ့တယ်လို့ အသက် ၃၆ နှစ်အရွယ် ထိုင်းအမျိုးသမီးက ရဲကို တိုင်တန်းခဲ့ပြီးနောက် ဒီဖြစ်စဉ်ကို စတင်စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။

သူ့ကိုယ်သူ နွိုင်လို့ ထုတ်ဖော်ပြောဆိုထားတဲ့ အမျိုးသမီးက သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ followers တစ်သန်းခန့်ရှိလာခဲ့ကြောင်းနဲ့ ဒုရဲချုပ် ဆူရာချတ်နဲ့ သူတွေ့ဆုံပြီး သူ့ရဲ့ ဇာတ်ကြောင်းဖြစ်စဉ်ကို ပြောပြခဲ့ကြောင်း ဆိုခဲ့ပါတယ်။

သူမဟာ မိခင်၊ ညီမဖြစ်သူတို့နဲ့အတူ ဘန်ကောက်မြို့က ကွန်ဒိုတစ်ခုမှာ နေထိုင်ပြီး မော်ဒယ်တစ်ဦးအဖြစ် လုပ်ကိုင်နေသူဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ကွန်ဒိုအဆောက်အအုံမှာပဲ နေထိုင်တဲ့ တရုတ်အမျိုးသမီးတစ်ဦးက သူမနဲ့ မိသားစုဝင်တွေကို ရင်းနှီးကျွမ်းဝင်အောင် နှစ်အနည်းငယ်အတွင်း ကြိုးပမ်းခဲ့ပြီး တရုတ်အမျိုးသားများစွာနဲ့ သူမကို မိတ်ဆက်ပေးခဲ့ကြောင်း၊ နောက်ဆုံးမှာတော့ မစ္စတာ ကျန်း ဆိုသူနဲ့ စတွေ့ကြည့်ဖို့ သူမ သဘောတူလိုက်ကြောင်း ပြောပြပါတယ်။

ယင်းနောက်ပိုင်း ထိုင်းနိုင်ငံကို မစ္စတာကျန်းရောက်ရှိလာကာ သူမနဲ့ တွေ့ဆုံပြီး နိုင်ငံအနှံ့လည်ပတ်ခဲ့ကြကြောင်း၊ ယင်းနောက် ၎င်းက ချစ်ရေးဆိုလာပြီး သူမကို လက်ထပ်မယ်လို့ ကတိပေးကာ တရုတ်နိုင်ငံကို ပြန်သွားခဲ့ကြောင်း ဆိုပါတယ်။

သူမ ကိုယ်ဝန်ရလာချိန်မှာ အလုပ်တွေမအားမလပ်ဖြစ်နေမှုကြောင့် လက်ထပ်မယ့် အစီအစဉ်ကို နောက်ရွှေ့ဖို့ ပြောဆိုသလို ကလေးဟာ မိန်းကလေးလား ယောက်ျားလေးလားဆိုတာကို သူ သိချင်သေးကြောင်းလည်း တရုတ်အမျိုးသားက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာတော့ ကလေးဟာ မိန်းကလေးဖြစ်တယ်လို့ သိရချိန် သူ့ထံကို အကြောင်းကြားရာမှာ တရုတ်အမျိုးသားက အဆက်အသွယ်အားလုံးကို ဖြတ်သွားခဲ့တယ်လို့ သူမက ပြောခဲ့ပါတယ်။

ကြားက အောင်သွယ်လုပ်ပေးခဲ့တဲ့ တရုတ်အမျိုးသမီးဟာ သူမအနေနဲ့ ယောက်ျားလေးကိုယ်ဝန်မရခဲ့တာကို အပြစ်ဆိုခဲ့ကြောင်းနဲ့ ယင်း အမျိုးသမီးဟာ အခြား ထိုင်းအမျိုးသမီးတွေကိုလည်း တရုတ်အမျိုးသားများနဲ့ မိတ်ဆက်ပေးမှုတွေလုပ်ခဲ့တယ်လို့ နွိုင်က ပြောဆိုသွားခဲ့ပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here