လားရှိုး – နမ္မတူ လမ်းပေါ်ရှိ အီနိုင်းတံတား မိုင်းခွဲဖျက်ဆီးခံရ

0
275

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နှင့် နမ္မတူမြို့ကို ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ အီနိုင်းတံတားကို ယနေ့ နံနက်အစောပိုင်း ဇန်နဝါရီ (၁)ရက်က မိုင်းခွဲ ဖျက်ဆီးခံလိုက်ရကြောင်း လားရှိုးမြို့ရှိ ဒေသခံများနှင့် လူမှုကူညီရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

“ အီနိုင်းတံတား ယနေ့နံနက် (၃)နာရီခွဲအချိန်က ဖျက်ဆီးခံလိုက်ရပါတယ်။ ကားရော ဆိုင်ကယ်ရော ဖြတ်သန်းလို့ မရဘူး။ ကားသမားတွေ အနေနဲ့ နမ့်ပေါင်လမ်းက ပတ်သွားကြပါ”ဟု လူမှုကူညီရေးလုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာရှိ အီနိုင်းတံတားတွင် ဇန်နဝါရီ (၁)ရက် နံနက်အစောပိုင်းက ပေါက်ကွဲသံများကြားရပြီးနောက် တံတားကျိုးကျ ပျက်စီးနေသည်ကို မြင်တွေ့ရကြောင်း ၎င်းက ဆိုသည်။

အဆိုပါ တံတား မိုင်းခွဲခံရ၍ တံတား၏ အလယ်မှ ကျိုးကျပျက်စီးခဲ့ပြီး မည်သည့်ယာဉ်မျှ သွားလာ၍ မရကြောင်းနှင့် နမ့်ပေါင်လမ်းက ပတ်သွားကြရန် ဒေသခံတို့က ဆိုသည်။

နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်းကလည်း ကျောက်မဲနှင့် သီပေါမြို့အကြားရှိ ကျင်သီတံတားမှာလည်း လက်နက်ကြီး ထိမှန်မှုကြောင့် ကျိုးကျပျက်ဆီးခဲ့သေးသည်။

ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသချင်းဆက်သွယ်ထားသော တံတားများ ကျိုးကျပျက်ဆီးကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများဖြစ်ပေါ်နေသည့်အတွက် ကုန်ဈေးနှုန်းများကြီးမြင့်မှုများရှိနေသည့်အပေါ် ဒေသခံများ၏ ဝေဖန်မှုများလည်းရှိနေသည်။

ဒေသတွင်း တိုက်ပွဲများပြင်းထန်လာချိန်တွင် သီပေါမြို့ပေါ်ရှိ ဘိုးတော်ကျောင်း၊ စံဖိတ်၊ နားလွယ်၊ နောင်ကတ် ဘုန်းကြီးကျောင်းများနှင့် ရွှေမောင်းသီလရှင်ကျောင်းတို့တွင်လည်း စစ်ဘေးရှောင် (၁,၀၀၀ )ခန့် တိမ်းရှောင်မှုများလည်းရှိနေကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၌ နှစ်လကျော်ကြာ တိုက်ပွဲအတွင်း ဒေသခံလူထု၏ လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသည့် တံတား (၅)စင်းထက်မနည်း ဖျက်စီးခံခဲ့ရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here