နှစ်နိုင်ငံ ဆက်ဆံရေးတည်ငြိမ်ဖို့ အမေရိကန်နဲ့ လက်တွဲဆောင်ရွက်သွားလိုကြောင်း တရုတ် သမ္မတ ပြောကြား

0
178

သံတမန်ဆက်ဆံရေး နှစ်ပတ်လည်ကာလမှာ အမေရိကန်သမ္မတနဲ့ အပြန်အလှန် နှုတ်ခွန်းဆက်ဂုဏ်ပြုစကားဆိုကြမှုအတွင်း နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်မှုမြှင့်တင်ရေးအတွက် အမေရိကန်ပြည်ထောင်စုနဲ့ သူ လက်တွဲဆောင်ရွက်သွားလိုတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇန်နဝါရီ ၁ ရက်မှာ ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

မစ္စတာ ရှီနဲ့ သမ္မတ ဂျိုးဘိုင်ဒင်တို့ဟာ နိုဝင်ဘာလက ဆန်ဖရန်စစ္စကိုမှာ တွေ့ဆုံထားခဲ့ကြပြီး နှစ်ဖက်ပြိုင်ဆိုင်မှုတွေကနေ ပဋိပက္ခအဖြစ် ပေါ်ပေါက်မလာစေရေးကြိုးပမ်းရာမှာ ဆက်သွယ်ဆောင်ရွက်မှုတွေ တိုးတက်ကောင်းမွန်ဖို့ ကတိပြုခဲ့ကြပါတယ်။

နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်မှု ၄၅ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အပြန်အလှန် သဝဏ်လွှာဖလှယ်ကြရာမှာ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်မှု၊ ကျန်းမာရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံဖြိုးတိုးတက်မှုကို မြှင့်တင်ရာမှာ နှစ်ဖက်စလုံးက လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေ ဖော်ဆောင်သင့်တယ်လို့ မစ္စတာ ရှီက ပြောဆိုခဲ့ပါတယ်။

တရုတ်-အမေရိကန် ဆက်ဆံရေးကို ဆက်လက်လမ်းပြသွားဖို့၊ တရုတ်၊ အမေရိကန်နဲ့ နှစ်နိုင်ငံ ပြည်သူများအကျိုးရှိစေမယ့်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာမှာ သမ္မတ ဘိုင်ဒင်နဲ့ လက်တွဲဆောင်ရွက်သွားလိုတဲ့ ဆန္ဒရှိကြောင်း မစ္စတာရှီက အလေးပေးပြောကြားခဲ့တယ်လို့ နိုင်ငံပိုင် ရုပ်သံဋ္ဌာန CCTV က ဖော်ပြပါတယ်။ ဒါ့အပြင် အပြန်အလှန် လေးစားမှု၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးနဲ့ နှစ်ဖက်အကျိုးရှိစေမယ့် win-win ပူးပေါင်းဆောင်ရွက်မှုသည်သာ တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့မှန်ကန်သော နည်းလမ်းဖြစ်တယ်လို့လည်း မစ္စတာ ရှီက ဆက်လက်ပြောဆိုခဲ့ကြောင်း သိရပါတယ်။

မစ္စတာ ရှီဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့လည်း အပြန်အလှန် သဝဏ်လွှာပေးပို့မှုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်ကို ချစ်ကြည်ရင်းနှီးမှုနှစ်တစ်ခုအဖြစ် နှစ်ဖက်စလုံးက ကြေညာခဲ့ကြကြောင်း ဆင်ဟွာသတင်းက ဖော်ပြခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here